ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၉)ပထမနေ့ ကျင်းပ

 07/08/2019 - 17:17

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်

အထူးအစည်းအဝေး(၁/၂၀၁၉)ပထမနေ့ ကျင်းပ

တောင်ကြီး    ဇူလိုင် ၈

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၉)၊ (ပထမနေ့) ကို ဇူလိုင်လ ၈ ရက် (တနင်္လာနေ့) နံနက်(၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များ၊ လေ့လာသူများ တက်ရောက်ကြသည်။

         အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ညွှန်ကြားရေးမှူး ဦးလှမျိုးက အခမ်းအနားမှူး အဖြစ်ဆောင်ရွက်သည်။

         အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၈)ဦးတို့ အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ်လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို လွှတ်တော်မှအတည်ပြုကြောင်း ကြေညာပါသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းဝေးတက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၁၄၀)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ(၁၈)ဦးရှိပြီး အစည်းအဝေးသို့ (၁၂၂)ဦး တက်ရောက်သဖြင့် (၈၇.၁၄)%  ရှိသောကြောင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် ပထမနေ့အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာပါသည်။

          ထို့နောက်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ နှုတ်ခွန်းဆက်စကားပြောကြားပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြည်နယ်လွှတ်တော်သို့ မိန့်ခွန်းပြောကြား ရာ ပြည်နယ်ဝန်ကြီးချုပ်၏ မိန့်ခွန်းအားရှမ်းပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင်ကြောင်း ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာပါသည်။

          ၎င်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတထံမှ ပေးပို့လာသော သဝဏ်လွှာကို ပြည်နယ်လွှတ်တော်သို့ ဖတ်ကြားတင်ပြခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနတစ်ခုဖွဲ့စည်းရန်အတွက် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ မိုင်းဆတ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းမှ ၎င်းဝန်ကြီးဌာနတစ်ခုဖွဲ့စည်းရန် ကန့်ကွက်သဖြင့် စက်ခလုတ်နှိပ်မဲစနစ်ဖြင့် လွှတ်တော်၏ အဆုံး အဖြတ်ရယူရာ ကန့်ကွက်မဲများသဖြင့် ရှမ်းပြည်နယ်တွင် ၎င်းဝန်ကြီးဌာနတစ်ခုဖွဲ့စည်းရန်အတွက် ပြည်နယ်လွှတ်တော်မှ သဘောမတူ ကြောင်း ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်မှ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ရသုံးမှန်းခြေငွေစာရင်းများတွင် ပြည်ထောင်စုမှ ထပ်မံထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းစာရင်းများအား ရှမ်းပြည်နယ် လွှတ်တော်သို့တင်သွင်းရာ   ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာပါသည်။

         ထို့နောက် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၉) (ပထမနေ့)ကို နံနက် (၁၀:၄၅)နာရီအချိန်တွင် ပြီးမြောက်ကြောင်းကြေညာပြီး အစည်းအဝေး (ဒုတိယနေ့)ကို ဇူလိုင်လ (၉)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။   

date for calender: 
Monday, July 8, 2019 - 17:00

Theme Colors

Please select the following colors to preview different color schemes of the theme.