ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၇ )ကြိမ်မြောက် ပုံမှန်အစည်းအဝေး(တတိယနေ့)ကျင်းပ

 12/18/2019 - 19:10

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်

(၁၇ )ကြိမ်မြောက် ပုံမှန်အစည်းအဝေး(တတိယနေ့)ကျင်းပ

တောင်ကြီး    ဒီဇင်ဘာ   ၁၈

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့) ကို ဒီဇင်ဘာလ(၁၈)ရက်  (ဗုဒ္ဓဟူးနေ့)၊ နံနက် (၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊  ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့်၊ လေ့လာသူများ တက်ရောက်ကြသည်။

         အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

         အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၇)ဦး တို့အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ် လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးတက်ရောက်ခွင့်ရှိသူ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၁၄၀)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ(၁၇)ဦးရှိပြီး အစည်းအဝေးသို့ (၁၂၃)ဦး တက်ရောက်သဖြင့် (၈၇.၈၆)%  ရှိသောကြောင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် တတိယနေ့ အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာပါသည်။

၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၀)ဦးက ကြယ်ပွင့်ပြမေးခွန်း(၁၃)ခု မေးမြန်းရာ ကွတ်ခိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်မွန်း က “ကွတ်ခိုင်မြို့နယ်၊ မိုင်းယုကျေးရွာအုပ်စု၊ မိုင်းယုကျေးရွာနှင့် မန်နိမ်းအွန်ကျေးရွာအုပ်စု၊ မန်နိမ်းအွန်ကျေးရွာချင်းဆက်မြေသားလမ်းအား ကျောက်ချောလမ်းပြုလုပ်ပေးရန်၊ (၁၀)ပေတံတား (၁)ခုနှင့် Box Culvert (၁၀)ခုကို မည့်သည့်ဘဏ္ဍာရေးနှစ်တွင် ပြုလုပ်ပေးမည်”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက လည်းကောင်း၊ ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ)ဦးညီလေးချမ်းက “ရှမ်းပြည်နယ်တွင် အာဖရိကဝက်အပြင်းဖျားရောဂါကာကွယ်ရန်  မည်သို့ကြိုတင်စီမံဆောင်ရွက်နေသည်”နှင့် စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က လည်းကောင်း၊ “၂၀၁၉ခုနှစ်၌ ရှမ်းပြည်နယ်အတွင်းတွင် ရာသီတုပ်ကွေး မည်မျှဖြစ်ခဲ့ပြီး သေဆုံးသူမည်မျှရှိကြောင်းနှင့် ပညာပေး အစီအစဉ်များ စီမံဆောင်ရွက်နေမှု”နှင့် စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းက လည်းကောင်း၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက “နမ့်စန်မြို့နယ်၊ ခိုလမ်မြို့၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း လိုအပ်ချက်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များက ကွင်းဆင်းစိစစ် ဖြည့်ဆည်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ”နှင့်  စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက လည်းကောင်း၊ မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းက “ မိုင်းဆတ်မြို့နယ်၌ နိုင်ငံတော် အစိုးရနှင့် ချုပ်ဆိုထားသော လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချခြင်းစာချုပ်ပါ စည်းကမ်းများ ဖောက်ဖျက်နေသည့် လွယ်ဆမ်ဆုံကုမ္ပဏီလိမိတက်”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံကလည်းကောင်း၊ ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက “ ကျိုင်းတုံမြို့နယ်၊ အတွင်းရှိ မိုင်းကိုင်၊ နမ့်ခတ်၊ မိုင်းငွန်း၊ တာလုတာလေ၊ ပန်မတ်၊ ဝမ်တာပင်း၊ နောင်တောင်း၊ မိုင်းနော့ဖာတ၊ နမ့်အင်းနှင့် မိုင်းလပ်ကျေးရွာအုပ်စုရှိ စုစုပေါင်းကျေးရွာ(၁၀၃)ရွာတွင်  တယ်လီဖုန်း နှင့် Internet အသုံးပြုနိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် မည်သို့စီမံဆောင်ရွက် ထားသည်”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက လည်းကောင်း၊ မိုးမိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ရီရီဝင်းက “ မိုးမိတ်မြို့၏ အရှေ့ဘက်(၂)မိုင်ခန့်တွင် တည်ဆောက်ထားသော ခရိုင်ရုံး အဆောက်အဦများနှင့် ခရိုင်မြို့သစ်စီမံကိန်း”၊ “လူ့အခွင့်အရေးဖောက်ဖျက်မှုဖြစ်စဉ်များ မဖြစ်ပေါ်စေရန်နှင့် လူအခွင့်အရေးကို လေးစားလိုက်နာရန် ပြည်သူလူထုများသိရှိစေရန်အတွက်  စီမံဆောင်ရွက်ပေးမှု”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက လည်းကောင်း၊ ရွာငံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစဝ်အောင်မြတ်(ခ)ဦးအောင်မြတ်က “ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းအား နောက်ဆုံးဆောင်ရွက်ထားရှိမှု၊ ဘဏ္ဍာငွေရရှိမှုနှင့် မည်သည့်အချိန် ကာလတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်အသုံးပြုနိုင်မည်ကို သိရှိလိုပါသည်”နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး  ဦးစိုင်းရှဲန်တစ်လုံက လည်းကောင်း၊ ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က “ကျောက်မဲမြို့နယ်ရှိ တင်ဒါအောင်မြင်ထားသော Green Hope Company မှ ပုဂ္ဂလိကအမှိုက်သိမ်းစနစ် ဆောင်ရွက်ရန် ပြည်နယ်အစိုးရသို့ တင်ပြထားခြင်းအား ဆောလျင်စွာ ခွင့်ပြုပေးရန် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက လည်းကောင်း၊ သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက “သိန္နီမြို့အထွက် Oriental Highway Company Toll Gate အနီးတွင် အချိန်ပြည့်ရှိနေသည့် ပြည်နယ်၊ ခရိုင်၊ ဒုစရိုက်နှိမ်နင်းရေးအဖွဲ့ဝင်နှင့် စစစ၊ CID အဖွဲ့များ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက လည်းကောင်း၊ မိုင်းရှူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလင်းမြတ်က “ပင်လုံမြို့ရှိသမိုင်းဝင် ပင်လုံကတိကဝတ်စာချုပ် ချုပ်ဆိုရာ နေရာ အထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ကမ္ပည်းမော်ကွန်းရေးထိုးထားမှု”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းကလည်းကောင်း၊ “မိုင်းရှူးမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေး (CSR) လက်ကျန်ရန်ပုံငွေဖြင့် လုပ်ငန်းငယ်များ ဆောင်ရွက်ရန် တင်ပြတောင်းခံမှုအား ချထားဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ"နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သယံဇာတဝန်ကြီး ဒေါက်တာညီညီအောင်ကလည်းကောင်း အသီးသီးပြန်လည်ဖြေကြားကြသည်။

ထို့နောက်  ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ) ဦးညီလေးချမ်းက တင်သွင်းသည့် “ပြည်နယ်အဆင့်တင်ဒါကော်မတီ၊ ကြမ်းခင်းဈေး  တွက်ချက်ရေးကော်မတီ၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ၊ အရည်အသွေးစစ်ဆေးရေးနှင့် လက်ခံရေးကော်မတီများတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကို ထည့်သွင်းပေးရန် တိုက်တွန်းကြောင်း” အဆိုကို နမ့်ဆန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ထွဏ်းနှင့်   ညောင်ရွှေမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်မိုးတို့က ထောက်ခံဆွေးနွေးကြပြီး မဘိမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းသိန်း က အကြံပြု ထောက်ခံ ဆွေးနွေးပြီးနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေး ကအဆိုကိုမှတ်တမ်းအဖြစ်ထားရှိပေးပါရန် တင်ပြခဲ့၍လွှတ်တော်၏ အဆုံး အဖြတ်ရယူရာ လွှတ်တော်ကမှတ်တမ်းတင်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာ သည်။

၎င်းနောက် ဥပဒေပြုရေးဆိုင်ရာကော်မတီက ရှမ်းပြည်နယ် လျှပ်စစ်ဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်း၍ အစီရင်ခံစာအား ဥပဒေပြုရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် နမ့်ဆန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဏ်း ကလွှတ်တော်သို့ ဖတ်ကြားတင်ပြပြီး၊ လွှတ်တော်၏အဆုံးအဖြတ်ရယူရာ လွှတ်တော်ကသဘောတူကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ရှမ်းပြည်နယ် မြေယာခွန်ဥပဒေ(မူကြမ်း)အား ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က လွှတ်တော်သို့ တင်သွင်းရာ ဥပဒေ(မူကြမ်း) နှင့်စပ်လျဉ်း၍ ဆွေးနွေးရန်ရှိပါက ဆွေးနွေးမည့်အချက်များကို  (၁၈.၁.၂၀၂၀)ရက်နေ့ နောက်ဆုံးထားကာ ပြည်နယ်လွှတ်တော်သို့ပေးပို့နိုင်ကြောင်း ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

            ထို့နောက် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (တတိယနေ့)ကို ညနေ(၃း၃၀)နာရီအချိန်တွင် ပြီးမြောက်ကြောင်း ကြေညာပြီး (စတုတ္ထနေ့)ကို ဒီဇင်ဘာလ (၁၉)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ဆက်လက်ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပါသည်။   

date for calender: 
Wednesday, December 18, 2019 - 18:45

Theme Colors

Please select the following colors to preview different color schemes of the theme.