ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၇ )ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကျင်းပ

 12/20/2019 - 15:29

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်

(၁၇ )ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကျင်းပ

တောင်ကြီး    ဒီဇင်ဘာ   ၂၀

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပဉ္စမနေ့) ကို ဒီဇင်ဘာလ(၂၀)ရက်  (သောကြာနေ့)၊ နံနက် (၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊  ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက်ကြသည်။

         အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

         အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂၂)ဦး တို့အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ် လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးတက်ရောက်ခွင့်ရှိသူ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၁၄၀)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ(၂၂)ဦးရှိပြီး အစည်းအဝေးသို့ (၁၁၈)ဦး တက်ရောက်သဖြင့် (၈၄.၂၉)%  ရှိသောကြောင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် ပဉ္စမနေ့ အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာပါသည်။

၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၁)ဦးက ကြယ်ပွင့်ပြမေးခွန်း(၁၃)ခု မေးမြန်းရာ မိုင်းခတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝန်းဆမ်က “ ကျိုင်းတုံ - မိုင်းခတ် - မိုင်းယန်းလမ်းမကြီးဖြစ်သော မိုင်းခတ်လမ်းအပိုင်း၌ မြို့အဝင်လမ်းနှင့် မိုင်းဟန်ကျေးရွာအဝင် တောင်တက်လမ်းအား ၁၂ပေမှ ၁၈ပေ ကတ္တရာအဆင့်သို့ တိုးမြှင့်ခင်းပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက လည်းကောင်း၊ နမ္မတူမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ်က “ မဟာဓာတ်အားလိုင်းဖြတ်သန်းသွားသော ဒေသရှိ ပြည်သူများ၏ အိမ်ခြံမြေနှင့် မြေယာများဥပဒေနှင့်အညီ အသုံးပြုပိုင်ဆိုင်နိုင်ခွင့်ရရှိနိုင်ရန်နှင့် နိုင်ငံတော်မှ ပေးအပ်သော ဝန်ဆောင်မှု၏အကျိုးကို ပြည်သူများမှ အပြည့်အဝခံစားခွင့် ရရှိနိုင်ရန် မည်သို့စီမံဆောင်ရွက်ပေးမည်”နှင့် စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက လည်းကောင်း၊ ကလောမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်က “ အများပြည်သူနှင့် သက်ဆိုင်သော မြေနေရာများ၊ မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာရေးတို့ကို ထိခိုက်စေမည့် မြေနေရာများတွင် မြေပေးမိန့်ချထားခြင်း၊ မြေငှားဂရန် ထုတ်ပေးခြင်းများကို ပြန်လည်စိစစ်ပယ် ဖျက်ပေးရန် အဆိုအပေါ် လုပ်ငန်းစိစစ်ရေးအဖွဲ့၏ ဆောင်ရွက်ထားရှိမှု အခြေအနေ”နှင့်  စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က လည်းကောင်း၊ “ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု၊ ပြည်နယ် ဘဏ္ဍာရန်ပုံငွေများဖြင့် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနများ၏ လုပ်ငန်းများကို ပြည်နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီအနေဖြင့် စံနှုန်းသတ်မှတ် ထားရှိမှု”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံကလည်းကောင်း၊ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးစိုးရန်နိုင်က “ ကလောမြို့ရှိ ရေအေးကန်ဆည်၏ ကန်ပေါင်မြှင့်တင်ခြင်း၊ နုန်းမြေများ ဆယ်တင်ခြင်းနှင့် ရေပိုမိုသိုလှောင်နိုင်ရေး အစီအမံများ ဆောင်ရွက်ပေးရန် ” နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက လည်းကောင်း၊ ညောင်ရွှေမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက “ညောင်ရွှေမြို့နယ် အင်းလေးကန်တွင် ဗေဒါများ၊ ဒိုက်များ၊ ကျွန်းမျောဟောင်းများ ပိတ်ဆို့နေသဖြင့် ဗေဒါဆယ်ယူသည့်လုပ်ငန်း ဆောင်ရွက်ခြင်း”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က လည်းကောင်း၊ နမ့်ဆန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဏ်းက “နမ့်ဆန်မြို့နယ်၊ နမ့်ဆန်-ကျောက်ဖြူလမ်းပေါ်ရှိ အရှည်(၄၀×၂၀)ပေရှိ သံကူကွန်ကရစ်တံတား၏ ရေလည်တိုင်အား ပြန်လည်ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက လည်းကောင်း၊ တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးစိုးသူထွန်းက “နမ့်စန်မြို့နယ်၊ ခိုလမ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းဆရာ/ဆရာမ အင်အားလိုအပ်ချက်အား စီစဉ် ပေးနိုင်ခြင်း ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက လည်းကောင်း၊ မိုင်းယန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဝင်းက “ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ ယန်းခိုင်ကျေးရွာမှ ဟွေနားကျေးရွာသွားလမ်း(၁)မိုင်အား မြေသားလမ်းချဲ့ထွင်ခြင်းနှင့် ကျောက်ရောမြေခင်းပေးရန် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေးကလည်းကောင်း၊ ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးညီညီ(ခ)ဦးညီလေးချမ်းက “တောင်ကြီးမြို့တွင် မိုးသည်းထန်သည့်အခါ ရေကြီး ရေလျှံမှုများဖြစ်နေ၍ နောင်နှစ်များတွင် မဖြစ်စေရန် ဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် ရေကြီးရေလျှံခြင်းကြောင့် အသက်ဆုံးရှုံးခြင်း ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းကလည်းကောင်း၊ “ရှမ်းပြည်နယ်တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ကြီးကြပ်မှုကော်မတီ၊ အသင်းခွဲ၊ အမှုဆောင်အဖွဲ့နှင့် အသင်းခွဲငယ်များ ဖွဲ့စည်းထားမှုနှင့် ပညာပေးဆောင်ရွက်နေမှု”နှင့် စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက လည်းကောင်း၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက “နမ့်စန်မြို့နယ်၊ လွိုင်ယဲကျေးရွာအုပ်စု၊ အုံလွိုင်ယဲကျေးရွာအဝင် သစ်သားတံတားကို ကွန်ကရစ်တံတားအဖြစ်ပြန်လည်တည်ဆောက်ပေး ရန် အစီအစဉ်ရှိ/မရှိ”နှင့် စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေးကလည်းကောင်း၊ မိုင်းဖြတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအားကိုက “မိုင်းဖြတ်မြို့၊ ဝမ်ပုံကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာအထက်နားရှိ နမ့်လုံချောင်း၌ ရေလွှဲဆည် တည်ဆောက်ပေးပြီး၊ ရေသွယ်မြောင်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်ကလည်းကောင်း၊ အသီးသီးပြန်လည်ဖြေကြားကြသည်။

ထို့နောက် ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံး၏ ၂၀၁၈ခုနှစ် (ဧပြီလမှ စက်တင်ဘာလထိ) လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို ရှမ်းပြည်နယ်စာရင်းစစ်ချုပ် ဒေါ်နန်းဝိုဟိန်းမှ ရှမ်းပြည်နယ် လွှတ်တော်သို့ အစီရင်ခံစာ ဖတ်ကြားတင်ပြပါသည်။ အဆိုပါ အစီရင်ခံစာအား လွှတ်တော်က မှတ်တမ်းတင်ကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။

ဆက်လက်၍ ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာအား ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ရွာငံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစဝ်အောင်မြတ်(ခ)ဦးအောင်မြတ်က လွှတ်တော်သို့ ဖတ်ကြားတင်ပြပါသည်။ အဆိုပါ အစီရင်ခံစာအား လွှတ်တော်ကမှတ်တမ်းတင်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာ သည်။

၎င်းနောက် ရှမ်းပြည်နယ်လွှတ်တော် တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေးရာ ကော်မတီ၏ အစီရင်ခံစာကို ကော်မတီ ဥက္ကဋ္ဌ ကလောမြို့နယ် မဲန္ဒနယ်အမှတ်(၂) ဦးသန်းထိုက်ကရှမ်းပြည်နယ်လွှတ်တော်သို့ အစီရင်ခံစာဖတ်ကြား တင်ပြခဲ့ပြီး လွှတ်တော်မှ မှတ်တမ်းတင်ကြောင်း  ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာသည်။

ထို့နောက်  ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၇) ကြိမ်မြောက်ပုံမှန် အစည်းအဝေးဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများ အား ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေး(ပဉ္စမနေ့) အား နေ့လည်(၁၂:၃၀)နာရီအချိန်တွင် ပြီးစီးခဲ့ပြီး ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

date for calender: 
Friday, December 20, 2019 - 15:15

Theme Colors

Please select the following colors to preview different color schemes of the theme.