Saturday, October 31

ဒုတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(တတိယနေ့)ကျင်းပ

0
20

တောင်ကြီး မေ ၃၀

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(တတိယနေ့)ကို မေ ၃၀ရက်၊ နံနက်(၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုကို မှတ်တမ်းတင်ခြင်း၊ ကိုယ်စားလှယ်(၁၄)ဦးမှ မေးခွန်း (၁၈)ခုအား မေးမြန်း၍ သက်ဆိုင်ရာ ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းခဲ့သော ၂၀၁၈−၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ရသုံးခန့်မှန်းခြေငွေစာရင်း နှင့် စပ်လျဉ်း၍ သီပေါမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးက ဆွေးနွေးခဲ့ပြီး တာချီလိတ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ရှမ်းပြည်နယ်လွှတ်တော် ဒေသန္တရစီမံကိန်း နှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်တင့်က အစီရင်ခံစာတင်သွင်း၍ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြန်လည်ရှင်းလင်းကာ လွှတ်တော်၏ အဆုံးအဖြတ်ဖြင့် သဘောတူခဲ့ပါသည်။
ထို့နောက် ပင်းတယမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးညီညီ(ခ)ဦးညီလေးချမ်းက ရှမ်းပြည်နယ်လမ်းများ၊ တံတားများ ဥပဒေ (မူကြမ်း)အား လွှတ်တော်သို့တင်သွင်းခဲ့ပါသည်။

ဆက်လက်၍ ကွန်ဟိန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအောင်ကျော်ဦးက “လမ်းပိုင်းတိုးချဲ့ခြင်း စီမံကိန်းလုပ်ငန်းများကြောင့် ပြည်သူများ၏ ထိခိုက်နစ်နာဆုံးရှုံးမှုအတွက် နစ်နာကြေး(လျော်ကြေး)များကို သီးသန့်ရန်ပုံငွေ တစ်ရပ် မူဘောင် ချမှတ်ပြီး ဖော်ဆောင်ပေးရန်တိုက်တွန်းခြင်း”အဆိုကို မိုင်းပန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းနောင့် နှင့် နမ္မတူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ်တို့က ထောက်ခံဆွေးနွေးပြီး၊ အဆိုနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက မှတ်တမ်းအဖြစ်ထားရှိပေးရန် ပြန်လည်ရှင်းလင်းဆွေးနွေး၍ လွှတ်တော်၏အဆုံးအဖြတ်ရယူကာ အဆိုကိုမှတ်တမ်းအဖြစ် ထားရှိခဲ့ပါသည်။

၎င်းနောက် ကျောက်မဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ် က “၂၀၁၈ ခုနှစ် ရှမ်းပြည်နယ်အစိုးရ၏ ရည်မှန်းချက် (ဂ)ကို အားသွန်ခွန်စိုက် အကောင်အထည်ဖော်ရန် တိုက်တွန်းကြောင်း” အဆိုကို ပြည်နယ်လွှတ်တော်သို့တင်သွင်းခဲ့ရာ ယင်းအဆိုအား တန့်ယန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခမ်းမြတ်က ထောက်ခံဆွေးနွေး ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(၁၄၃)ဦးရှိသည့်အနက် (၁၂၇) ဦးတက်ရောက်ခဲ့ကြပါသည်။ ဒုတိယ အကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (တတိယနေ့) ကို ညနေ (၃)နာရီ(၁၅)မိနစ်အချိန်တွင် ရပ်နားခဲ့ကြောင်း သိရှိရသည်။

Leave a reply