Wednesday, October 21

ဒုတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကျင်းပ

0
20

တောင်ကြီး မေ ၃၁

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကို မေ ၃၁ရက်၊ နံနက်(၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု ကို မှတ်တမ်းတင်ခြင်း၊ ကိုယ်စားလှယ်(၁၁)ဦးမှ မေးခွန်း(၁၆)ခုအားမေးမြန်း၍ သက်ဆိုင်ရာ ပြည်နယ်အဆင့် အဖွဲ့အစည်းဝင် များက ပြန်လည်ဖြေကြားခြင်း၊ ကျောက်မဲမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂) ဦးစိုင်းထွန်းဉာဏ်က တင်သွင်းသည့် “၂၀၁၈ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရ၏ ရည်မှန်းချက်(ဂ)ကို အားသွန်ခွန်စိုက် အကောင်အထည်ဖော်ရန် တိုက်တွန်းကြောင်း” အဆိုကို သိန္နီမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီ၊ ညောင်ရွှေမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းဇော်မိုး တို့ကထောက်ခံဆွေးနွေးပြီး ကလောမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်က အကြံပြုဆွေးနွေး၍ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်(ခ)ဦးစိုးကြီးက ပြန်လည် ရှင်းလင်းဆွေးနွေးကာ အဆိုကိုအတည်ပြုပေးရန် လွှတ်တော်၏အဆုံးအဖြတ်ရယူပြီး အတည်ပြုခဲ့ ပါသည်။

၎င်းနောက် ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီအဖွဲ့ဝင်၊ လွိုင်လင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ် က “ရှမ်းပြည်နယ်၏ ၂၀၁၈ခုနှစ်၊ အသေးစားချေးငွေလုပ်ငန်း ဥပဒေ(မူကြမ်း)” နှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခဲ့ပြီး အဆိုပါဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြန်လည်ရှင်းလင်း ဆွေးနွေးကာ လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ပြီး ဥပဒေ(မူကြမ်း)အား အတည်ပြုခဲ့ပါသည်။

ထိုနောက် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်း ဆိုင်ရာများ ကို ရှင်းလင်းတင်ပြခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၁၄၃)ဦး ရှိသည့်အနက် (၁၂၆) ဦးတက်ရောက်ခဲ့ပြီး လေ့လာသူ (၂)ဦးလာရောက်ခဲ့ပါသည်။ ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို ညနေ (၃)နာရီ(၄၅)မိနစ်အချိန်တွင် ရပ်နားခဲ့ပြီး ရှမ်းပြည်နယ် လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပြီးမြောက်ခဲ့ကြောင်း သိရှိရသည်။

Leave a reply