Sunday, October 18

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(ပထမနေ့)ကျင်းပ

0
26

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(ပထမနေ့)ကို (၈.၂.၂၀၁၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၉၆)ဦး၊ တိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်(၇)ဦး၊ တပ်မတော်သား ကိုယ်စား လှယ်(၃၄)ဦး၊ စုစုပေါင်း(၁၃၇)ဦးရှိသည့်အနက် (၁၃၆)ဦးတက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် အခမ်းအနားမှူးအဖြစ် ပြည်နယ်လွှတ်တော်ရုံးအကြီးအမှူး ဦးကျော်သူဇော်က ဆောင်ရွက်ပါသည်။
ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌရွေးချယ် တင်မြှောက်ပြီးသည်အထိ အစည်းအဝေးကို ကြီးကြပ်ကွပ်ကဲနိုင်ရန်အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁)ဦးအား သဘာပတိ အဖြစ်ရွေးချယ်တင်မြှောက်ခဲ့ရာတွင် သဘာပတိလောင်းအမည်စာရင်း တင်သွင်းခြင်းခံရသူတစ်ဦးထက်ပို နေသဖြင့် လျှို့ဝှက်ဆန္ဒမဲပေးပွဲ ဆောင်ရွက်ခဲ့ပါသည်။
သဘာပတိလောင်းအဖြစ် အမည်စာရင်းတင်သွင်းခံရသူများဖြစ်သည့် လောက်ကိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးအောင်သန်းထွဋ်နှင့် ကလောမြို့နယ် မဲဆန္ဒနယ်အမတ်(၁)မှ ဦးစိုးညွှန့်လွင် (ခ)ဦးစိုးကြီးတို့(၂)ဦးအား လျှို့ဝှက်ဆန္ဒမဲပေးခဲ့ရာ ဦးအောင်သန်းထွဋ်မှ (၈၃)မဲ၊ ဦးစိုးညွှန့်လွင် (ခ)ဦးစိုးကြီးမှ (၅၂)မဲရရှိခဲ့သဖြင့် ဆန္ဒမဲအများဆုံးရရှိခဲ့သူ ဦးအောင်သန်းထွဋ်အား သဘာပတိအဖြစ် တင်မြှောက်ခဲ့ပါသည်။
ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ရန်အတွက် ဥက္ကဋ္ဌအမည်စာရင်း တင်သွင်းခြင်းဆောင်ရွက်ခဲ့ရာ တစ်ဦးထက်ပိုနေသဖြင့် လျှို့ဝှက်ဆန္ဒမဲပေးပွဲဆောင်ရွက်ခဲ့ပါသည်။ ဥက္ကဋ္ဌလောင်းအဖြစ် အမည်စာရင်းတင်သွင်းခြင်းခံရသူ ဦးစိုင်းလုံးဆိုင်၊ ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)နှင့် ဦးစိုင်းကျော်သိန်း၊ မူဆယ်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)တို့အား လျှို့ဝှက်ဆန္ဒမဲပေးကြရာ ဦးစိုင်းလုံးဆိုင်မှ (၈၈)မဲ၊ ဦးစိုင်းကျော်သိန်းမှ (၄၈)မဲ အသီးသီးရရှိခဲ့သဖြင့် မဲအများဆုံးရရှိခဲ့သူ ဦးစိုင်းလုံးဆိုင်အား ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့ပါသည်။
ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌအား ရွေးချယ်တင်မြှောက်ခြင်း ဆောင်ရွက်ခဲ့ရာ တစ်ဦးထက်ပိုနေသဖြင့် ဒုတိယဥက္ကဋ္ဌလောင်းအမည်စာရင်းတင်သွင်းခြင်းခံရသူ ဦးစဝ်အောင်မြတ်(ခ) ဦးအောင်မြတ်၊ ရွာငံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)နှင့် ဒေါ်နန်းခင်ထားရီ၊ သိန္နီမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တို့နှစ်ဦးအား လျှို့ဝှက်ဆန္ဒမဲပေးကြရာ ဦးစဝ်အောင်မြတ်(ခ)ဦးအောင်မြတ်မှ (၈၄)မဲ ဒေါ်နန်းခင်ထားရီမှ (၄၅)မဲ အသီးသီးရရှိသဖြင့် မဲအများဆုံးရရှိသူ ဦးစဝ်အောင်မြတ်(ခ)ဦးအောင်မြတ်အား ရှမ်းပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့ပါသည်။
(၈.၂.၂၀၁၆)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်(ခ) ဦးအောင်မြတ်တို့သည် ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ပုံမှန်အစည်းအဝေး

Leave a reply