Friday, October 23

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(တတိယနေ့)ကျင်းပ

0
22

တောင်ကြီး စက်တင်ဘာ ၁၉

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့) ကို စက်တင်ဘာလ(၁၉)ရက် နံနက်(၁၀)နာရီက ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များ၊ လေ့လာသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

ပထမဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးတွင်တက်ရောက်ခွင့်ရှိသူလွှတ်တော် ကိုယ်စားလှယ်(၁၄၃)ဦးရှိသည့်အနက် ခွင့်ပန်ကြားသူ(၂၅)ဦးရှိပြီး အစည်းအဝေးသို့ (၁၁၈)ဦးတက် ရောက်သဖြင့် (၈၂.၅၂)% ရှိသောကြောင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် တတိယနေ့ အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။

ဆက်လက်၍ အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂၅)ဦးတို့ အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ နမ့်စန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ်လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၉)ဦးမှ ကြယ်ပွင့်ပြမေးခွန်း(၁၁)ခု မေးမြန်း ရာ ကလောမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်က “ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မိုးချေးငွေမှစတင်၍ စိုက်ပျိုးစရိတ်ချေးငွေပုံစံသစ်နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် စိုက်ပျိုးစရိတ်ချေးငွေပုံစံတို့ဖြင့် တောင်သူများအားချေးငွေထုတ်ချေးပေးမှု အခြေအနေ” နှင့်စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းရာ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံမှ လည်းကောင်း၊ မိုင်းရှူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလင်းမြတ်က “မိုင်းရှူးမြို့နယ်၊ မိုင်းစံမြို့မှ ဟိုလောင်းကျေးရွာသို့ ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းပိုင်းအရှည်(၁၀)မိုင်ခန့်အား မြေသားလမ်းအဖြစ် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ” နှင့်စပ်လျဉ်းသည့်မေးခွန်းအား ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးမှ လည်းကောင်း၊ မဘိမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ဦးမောင်ညိုက “မဘိမ်းမြို့နယ် သည် နယ်မြေကျယ်ဝန်းသဖြင့် မြို့မရဲစခန်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အင်အားတိုးချဲ့ခန့်ထားပေးရန် နှင့် အချုပ်ခန်းအသစ်တိုးချဲ့တည်ဆောက်ပေးမည့် အစီအစဉ် ရှိ/မရှိ”နှင့်စပ်လျဉ်းသည့် မေးခွန်းအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှ လည်းကောင်း၊ ပင်းတယမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ဦးညီညီ(ခ)ဦးညီလေးချမ်းက “၂၀၁၈ခုနှစ်၊ ဇန်နဝါရီလမှ ယနေ့အထိ အောင်ဘာလေ သိန်းဆုလက်မှတ်ရောင်းချသောဆိုင်များသည် တစ်စောင်လျှင် ကျပ်(၅၀၀/-)ဖြင့် ရောင်းချခြင်း ရှိ/မရှိကို သက်ဆိုင်ရာဌာနများမှစုံစမ်းမှုပြုလုပ်ခြင်းရှိ/မရှိ”နှင့်စပ်လျဉ်းသည့်မေးခွန်းအား ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံမှ လည်းကောင်း၊ “၂၀၁၈ခုနှစ်တွင် ရှမ်းပြည်နယ်အတွင်း လျှပ်စစ်အန္တရာယ်၊ မိုးကြိုးအန္တရာယ်များ၏ အသိပညာပေးဟောပြောပွဲများ မည်သို့စီမံဆောင်ရွက် ပေးမည်ကို သိရှိလိုပါသည်” နှင့်စပ်လျဉ်းသည့် မေးခွန်းအား ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါက်တာအောင်သန်းမောင်မှ လည်းကောင်း အသီးသီး ပြန်လည်ဖြေကြားကြသည်။

ယင်းနောက် မဘိမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ဦးမင်းမင်းသိန်းက “ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးအန္တရာယ် တားဆီးနှိမ်နှင်းရေးနှင့် လောင်းကစားကိစ္စအား မည်သို့ဆောင်ရွက် နေသည်ကို သိရှိလိုပါသည်” နှင့်စပ်လျဉ်းသည့်မေးခွန်းအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှ လည်းကောင်း၊ ကွန်ဟိန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ဦးစိုင်းစံထွန်းက “ကွန်ဟိန်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၊ ကံ့ကော်ဆောင် သွပ်မိုးအုတ်ညှပ် (၆)ခန်း တွဲ(၂)ထပ် စာသင်ဆောင်သည် ပျက်စီးယိုယွင်းပြီး အသုံးပြုနိုင်ခြင်းမရှိသဖြင့် အသုံးပြုနိုင်ရေး မည်ကဲ့သို့စီစဉ်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါသည်”နှင့်စပ်လျဉ်းသည့် မေးခွန်းအား ပြည်နယ်လူမှု ရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ လည်းကောင်း၊ မိုင်းပန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ဦးစိုင်းအောင်ခမ်းက “လယ်ယာမြေ ပုံစံ(၇)ရရှိပြီးသော လယ်ယာမြေ များကို နိုင်ငံတော် သမ္မတ၏ ခွင့်ပြုချက်မရရှိသေးဘဲ အခြားအသုံးပြုပါက ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မည်ကဲ့သို့ အရေးယူမည်ကို သိရှိလိုပါသည်” နှင့်စပ်လျဉ်းသည့် မေးခွန်းအား ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ လည်းကောင်း အသီးသီးပြန်လည် ဖြေကြားကြသည်။

ထို့နောက် ကွတ်ခိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ဦးအိုက်မွန်းက “ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာနှင့် ဟိုမောလော့ခွမ်ကျေးရွာအုပ်စုကြား အရှည်(၈၀)ပေရှိ နမ့်မောချောင်းကူးသစ်သား တံတားအား သံကူကွန်ကရစ်တံတားပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ”နှင့်စပ်လျဉ်းသည့်မေးခွန်း အား ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးမှ လည်းကောင်း၊ နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ဦးအေးမောင်က “နမ့်ခမ်းမြို့နယ်၊ မန်ဟောင်းကျေးရွာအုပ်စု၊ နောင်မကျေးရွာ နှင့် နမ့်ခမ်းမြို့နယ်သို့ ဆက်သွယ်သော (၁ မိုင် ၁ ဖာလုံ) ကျောက်လမ်းအား ကတ္တရာလမ်းအဖြစ် ခင်းပေးနိုင်မည့် အစီအစဉ် ရှိ/မရှိ” နှင့်စပ်လျဉ်းသည့်မေးခွန်းအား ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးမှ လည်းကောင်း၊ “နမ့်ခမ်းမြို့နယ်၊ ဟင်လုံကျေးရွာအုပ်စု၊ ဟင်လုံကျေးရွာမှ ပန်ကူကျေးရွာချင်းဆက် မြေသားလမ်း(၄)မိုင်ကို ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ရန် အစီအစဉ် ရှိ/မရှိ”နှင့်စပ်လျဉ်းသည့် မေးခွန်းအား လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှ လည်းကောင်း အသီးသီးဖြေကြားကြပါသည်။

ယင်းနောက် ညောင်ရွှေမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ဦးခင်မောင်ဝင်းက တင်သွင်း သည့် “ရှမ်းပြည်နယ်အတွင်းရှိ နေထိုင်သူဒေသခံတိုင်းရင်းသားများ မှတ်ပုံတင်နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုစာရင်းမရှိသေးသူများအား စီမံချက်ဖြင့် လုပ်ဆောင်ပေးနိုင်ရန် ရှမ်းပြည်နယ်အစိုးရအား တိုက်တွန်းကြောင်း”အဆိုကို ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါက်တာဝဏ္ဏစိုး၊ မိုးမိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါ်ရီရီဝင်း၊ ဖယ်ခုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါ်မေရီနျို့၊ မဘိမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးမင်းမင်းသိန်းနှင့် ရပ်စောက် မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးခိုင်ညီညီကျော်တို့က ထောက်ခံဆွေးနွေးပြီး ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက ပြန်လည် ရှင်းလင်းဆွေးနွေးကာ ယင်းအဆိုကို အတည်ပြုပေးရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်ကသဘောတူ သဖြင့် အဆိုကိုအတည်ပြုကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။

သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါ်နန်းခင်ထားရီက “ရှမ်းပြည်နယ်အတွင်းရှိ လောင်းကစားဝိုင်းများပပျောက်ရေးနှင့် တင်းကြပ်တားဆီးပိတ်ပင် အရေးယူပေးနိုင်ပါရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း”အဆိုကို တင်သွင်းရာ မိုင်းခတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ဦးစိုင်းဝန်းဆမ်က ထောက်ခံဆွေးနွေးကာ ၎င်းအဆိုကို လက်ခံဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်ကသဘောတူသဖြင့် ယင်းအဆိုကို စက်တင်ဘာလ (၂၀)ရက် ကြာသပတေးနေ့တွင် ဆွေးနွေးမည် ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ် များရှိပါက ယနေ့ညနေ(၅)နာရီ နောက်ဆုံးထား၍ လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးသွင်းနိုင်ကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ကြေညာပါသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(တတိယနေ့)ကို မွန်းတည့်(၁၂)နာရီ(၁၅)မိနစ်တွင် ပြီးမြောက် ကြောင်း ကြေညာပြီး (စတုတ္ထနေ့)ကို စက်တင်ဘာလ (၂၀)ရက် နံနက်(၁၀)နာရီအချိန်တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပါသည်။

Leave a reply