Saturday, October 31

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး(စတုတ္ထနေ့) ကျင်းပ

0
26

တောင်ကြီး စက်တင်ဘာ ၂၀

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ကို စက်တင်ဘာလ (၂၀)ရက် နံနက် (၁၀)နာရီက ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များ၊ လေ့လာသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

ပထမဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းဝေးတွင်တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် ( ၁၄၃ )ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ( ၂၂ ) ဦးရှိပြီး အစည်းအဝေးသို့ (၁၂၁) ဦး တက်ရောက်သဖြင့် ( ၈၄.၆၂ )% ရှိသောကြောင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတုတ္တနေ့ အစည်းအဝေး စတင်ကျင်းပကြောင်းကြေညာပါသည်။

ဆက်လက်၍ အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၂၂)ဦး တို့အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ နမ့်စန် မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ က ခွင့်ပန်ကြားပြီး ပြည်နယ်လွှတ်တော် မှသဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၁)ဦးမှ ကြယ်ပွင့်ပြမေးခွန်း(၁၁)ခု မေးမြန်းရာ မိုင်းဖြတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားကို က “မိုင်းဖြတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စု၊ ဘိုရှီးကျေးရွာအနီး နမ့်ဟိုင်းချောင်း လက်ရိုက်ဆည်အား ခိုင်မာသည့် ရေလွှဲဆည်အဖြစ် တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ” နှင့် စပ်လျဉ်းသည့် မေခွန်းအားမေးမြန်းရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော် မှလည်းကောင်း မိုင်းပန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းနောင့် က “မိုင်းပန်မြို့နယ်၊ နမ့်တိန်းကျေးရွာအုပ်စု၊ ပုန်းချယ်ကျေးရွာနှင့် ကုန်းကျိုင်းကျေးရွာအုပ်စု၊ လုံကြိမ် ကျေးရွာတို့တွင် လျှပ်စစ်မီးရရှိရေး” နှင့်စပ်လျဉ်းသည့် မေခွန်းအားမေးမြန်းရာ ပြည်နယ်ဘဏ္ဍာရေး ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံမှ လည်းကောင်း၊ ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုး က “ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်ကျေးရွာအုပ်စု၊ ဝမ်လင်၊ ဝမ်မိုင်နှင့် နောင်ကန်ကျေးရွာအနီးရှိ တိမ်ကောနေသော နမ့်လပ်ချောင်းအားတူးဖော်ပေးရန် အစီအစဉ်ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် မေခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး မှလည်းကောင်း၊ မိုင်းပျဉ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလှဝင်း က “မိုင်းပျဉ်းမြို့နယ်၊ မိုင်းမန်းကျေးရွာအုပ်စုရှိ ဝမ်ပုံကျေးရွာအဝင်လမ်းခွဲ (၁ ၁/၂)မိုင်ကို မြေသား လမ်းမှ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ဖောက်လုပ်ပေးမည့် အစီအစဉ် ရှိ/မရှိ” နှင့် စပ်လျဉ်းသည့် မေခွန်းအားမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး မှလည်းကောင်း၊ နမ့်ဆန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ထွဏ်း က “နမ့်ဆန်မြို့နယ်တွင် လျှပ်စစ်ဓါတ်အား(၂) မဂ္ဂါဝပ်ပိုလျှံလျက်ရှိ သဖြင့် ကျေးရွာ(၄)ရွာသို့ ၂၀၁၈-၂၀၁၉ (RE) သို့မဟုတ် ၂၀၁၉-၂၀၂၀ (BE)တွင် ထည့်သွင်းလျာထား ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် မေခွန်းအားမေးမြန်းရာ ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ မှလည်းကောင်း၊ မိုင်းရှူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းကောင်ခမ်း က “မိုင်းရှူးမြို့နယ်၊ မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လိုအပ်လျက်ရှိသည့် စာသင်ဆောင်” နှင့်စပ်လျဉ်းသည့် မေခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း မှလည်းကောင်းအသီးသီး ပြန်လည်ဖြေကြားကြသည်။

ယင်းနောက် မိုးမိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီဝင်း က “မိုးမိတ်မြို့နယ်ရှိ မန်ဟီတောင်ကြိုးဝိုင်း သစ်တောဘုတ်တိုင်များကို ပြန်လည် စိုက်ထူရန်နှင့် ယခင်နေထိုင်ခဲ့သည့် ဒေသခံပြည်သူများ၊ စိုက်ပျိုးမြေဧရိယာများကို သစ်တော ကြိုးဝိုင်းအတွင်းမှ ပယ်ဖျက်ပေးရန် အစီအစဉ်ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် မေခွန်းအားမေးမြန်းရာ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင် မှလည်းကောင်း၊ ကွတ်ခိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်မွန်းက “ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့နယ်ခွဲ၊ မုံးစီး- မုံးထမ်- ယုန်းမောသွားလမ်းရှိ နမ့်ပျဉ်းချောင်းကူး သစ်သားတံတားအား သံကူကွန်ကရစ်တံတား ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် မေခွန်းအားမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး မှလည်းကောင်း ၊ မိုင်းယန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဝင်း က “မိုင်းယန်းမြို့နယ်၊ ယန်းခိုင်ကျေးရွာအနီး အကျယ်(၁၅)ပေ ကိုယ်ထူကိုယ်ထ လက်ရိုက်ရေလွှဲဆည်အား ကျောက်စီ ကွန်ကရစ်ဆည်အဖြစ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် မေခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော် မှလည်းကောင်း၊ သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေး က “စစ်တပ်ပိုင်မြေ၊ တပ်ရင်းတစ်တပ်ရင်း၏ မြေဧရိယာလိုအပ်ချက်” နှင့်စပ်လျဉ်းသည့် မေခွန်းအား မေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး မှလည်းကောင်း၊ ပင်းတယ မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ)ဦးညီလေးချမ်း က “ပင်းတယမြို့နယ်၊ ကျုံးကျေးရွာအုပ်စု၊ ကျုံးကျေးရွာ၊ အ.ထ.က ကျောင်းအတွက် အထက်တန်း ပြဆရာ၊ဆရာမ(၄)ဦးနှင့် ကျား/မ အိမ်သာ(၁၀)လုံးအား ကူညီပံ့ပိုးပေးရန် အစီအစဉ် ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် မေခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း မှလည်းကောင်း အသီးသီးပြန်လည်ဖြေကြားကြသည်။

၎င်းနောက် (၁၇-၉-၂၀၁၈)ရက်နေ့ ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (ပထမနေ့)တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ တင်သွင်းခဲ့သည့် “၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ရှမ်းပြည်နယ် ဒေသန္တရစီမံကိန်း ဥပဒေကြမ်း”နှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဝင် နမ့်ဆန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဏ်းက အစီရင်ခံစာဖတ်ကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်း နှင့်စီးပွားရေးဝန်ကြီးဦးစိုးညွန့်လွင်က ရှင်းလင်း ဆွေးနွေးပြီး လွှတ်တော်၏အဆုံးအဖြတ်ရယူရာ လွှတ်တော်ကသဘောတူသဖြင့် အတည်ပြုကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ထို့နောက် ရှမ်းပြည်နယ် အပန်းဖြေစခန်း၊ တိရစ္ဆာန်ဥယျာဉ်နှင့် ရုက္ခဗေဒဥယျာဉ် ဥပဒေ (မူကြမ်း)အား ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင် လွိုင်လင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်က ပြည်နယ်လွှတ်တော်ဥပဒေပြု ရေးဆိုင်ရာကော်မတီနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ ပြင်ဆင်ရန်အကြံပြုချက် များကို လွှတ်တော်သို့ဖတ်ကြားရှင်းလင်းပြီး ပြည်နယ်သယံဇာတနှင့် သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာညီညီအောင်က ဆွေးနွေးရှင်းလင်းပြီးနောက် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်ကသဘောတူကြောင်းနှင့် ဥပဒေမူကြမ်းအား အတည်ပြုကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ကကြေညာသည်။

ယင်းနောက် သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီ က “ရှမ်းပြည်နယ်အတွင်းရှိ လောင်းကစားဝိုင်းများ လျော့နည်း ကျဆင်းရေးနှင့် တင်းကြပ်တားဆီးပိတ်ပင် အရေးယူပေးနိုင်ပါရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း” အဆိုကို ပြည်နယ်လွှတ်တော်သို့တင်သွင်းရာ ယင်းအဆိုအား မူဆယ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းနှင့် ကွတ်ခိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်မွန်းတို့က ထောက်ခံဆွေးနွေးပြီး ကလောမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်က အကြံပြုထောက်ခံဆွေးနွေးရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက အဆိုနှင့် စပ်လျဉ်း၍ ထောက်ခံဆွေးနွေး ရှင်းလင်းပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက သဘောတူ သဖြင့် ယင်းအဆိုအားအတည်ပြုကြောင်း ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌကကြေညာသည်။

ထို့နောက် မိုင်းပန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းနောင့် က “ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ်များကို ပြည်သူလူထုမနစ်နာ စေရေးအတွက် အခြားနည်းလမ်းတစ်ရပ်ရပ်ဖြင့် မှတ်ပုံတင်ဆောင်ရွက်နိုင်ရေး ပြည်ထောင်စု အစိုးရသို့ တင်ပြပေးရန် ရှမ်းပြည်နယ်အစိုးရအား တိုက်တွန်းကြောင်း”အဆိုကို ပြည်နယ်လွှတ်တော် သို့တင်သွင်းရာ ယင်းအဆိုအား ကွန်ဟိန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ဦးစိုင်းစံထွန်းက ထောက်ခံ ဆွေးနွေးပြီး ၎င်းအဆိုကို လက်ခံဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်ကသဘောတူသဖြင့် အဆိုကို စက်တင်ဘာလ ( ၂၁ ) ရက် သောကြာနေ့တွင် ဆွေးနွေးမည်ဖြစ်ကြောင်းနှင့် ဆွေးနွေး လို သည့် ကိုယ်စားလှယ်များ ရှိပါက ယနေ့ ညနေ (၅)နာရီ နောက်ဆုံးထား၍ လွှတ်တော်ရုံးဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးသွင်းနိုင် ကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။

ထို့နောက် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (စတုတ္ထနေ့) ကို မွန်းလွဲ(၂:၃၀)နာရီတွင် ပြီးမြောက်ကြောင်းကြေညာပြီး (ပဉ္စမနေ့)ကို စက်တင်ဘာလ (၂၁)ရက် နံနက်(၁၀)နာရီတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

Leave a reply