Saturday, October 31

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကျင်းပ

0
18

တောင်ကြီး စက်တင်ဘာ ၂၁

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပဉ္စမနေ့ ) ကို စက်တင်ဘာလ (၂၁)ရက် နံနက် (၁၀)နာရီက ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေး ခန်းမ၌ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များ၊ လေ့လာသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူး အဖြစ်ဆောင်ရွက်သည်။

ပထမဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းဝေးတွင်တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၁၄၃ )ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ( ၂၄ )ဦးရှိပြီး အစည်း အဝေးသို့ ( ၁၁၉ )ဦး တက်ရောက်သဖြင့် ( ၈၃.၂၂ )% ရှိသောကြောင့် အစည်းအဝေးအထ မြောက်ကြောင်းနှင့် ပဉ္စမနေ့ အစည်းအဝေး စတင်ကျင်းပကြောင်းကြေညာပါသည်။

ဆက်လက်၍ အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၂၄)ဦး တို့အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ က ခွင့်ပန်ကြားပြီး ပြည်နယ်လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေး အထမြောက်မှုကို လွှတ်တော်မှအတည်ပြုကြောင်း ကြေညာပါသည်။

၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၉)ဦးမှ ကြယ်ပွင့်ပြမေးခွန်း(၁၀)ခု မေးမြန်းရာ ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ (ခ) ဦးညီလေးချမ်း က “ဆယ်ကျော်သက်နှင့် လူငယ်လိင်ပိုင်းဆိုင်ရာနှင့် မျိုးဆက်ပွား ကျန်းမာရေး အလုပ်ရုံဆွေးနွေးပွဲများကို မြို့နယ်များတွင် ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း မှ လည်းကောင်း၊ ညောင်ရွှေမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်မိုး က “ရှမ်းပြည်နယ်အတွင်း မြို့နယ်များ၌ မြေများ အကွက်ရိုက်ရောင်းချ နေမှုများ” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော် မှလည်းကောင်း၊ဖယ်ခုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေရီနျို့ က “လွယ်ယင်းတောင်ခြေ-ဝမ်တုံအပိုင်း(၂) မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး မှလည်းကောင်း၊လင်းခေးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံ က “လင်းခေးမြို့နယ်၊ ဝမ်စလောင်း ကျေးရွာအုပ်စုရှိ ဝမ်စလောင်း အ.လ.က(ခွဲ)ကျောင်းဆောင်သစ်အား လျာထားဆောင်ရွက် ပေးနိုင်ခြင်း ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း မှလည်းကောင်း၊ဖယ်ခုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအန်းဂျေလို က “ရှမ်း-ကယားနယ်စပ်၊ပီကင်းကောခူကျေးရွာ အနီးရှိ စစ်ဆေးရေးဂိတ်” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး မှလည်းကောင်း၊ မိုင်းခတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားမဲ က “မိုင်းခတ်မြို့နယ်၊ မိုင်းညှင်းကျေးရွာအုပ်စုရှိ ကျေးရွာ(၃)ရွာတွင် စိုက်ပျိုးရေလုံလောက်စွာ ရရှိရေးအတွက် ယာယီချောင်းပိတ် မြေသား တမံကို ကျောက်စီကွန်ကရစ် ရေလွှဲဆည်အဖြစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဦးစိုင်းလုံကျော် မှလည်းကောင်း၊ ကလောမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက် က “ရှမ်းပြည်နယ်အတွင်းရှိ ပုဂ္ဂလိက တယ်လီဖုန်း ဆက်သွယ်ရေး ကုမ္ပဏီများ၏ လုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် မည်ကဲ့သို့ ညွှန်ကြားမှုပြုထားသည်” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး မှလည်းကောင်းအသီးသီး ပြန်လည် ဖြေကြားကြသည်။

ထို့နောက် မိုင်းပျဉ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှဝင်း က “ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးအထိ လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းသည့် မေးခွန်းများအနက် ကတိကဝတ်ဖြင့် ဖြေကြား ခဲ့သည့် မေးခွန်းများ” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး မှလည်းကောင်း၊ “မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၊ မြို့မ သုသာန်သွား ကျောက်အမာခံလမ်း အရှည်(၃၀၀၀)ပေအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့် တင် ဆောင်ရွက်ပေးမည့် အစီအစဉ် ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း မှလည်းကောင်း၊ မိုင်းရှူးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလင်းမြတ် က “ရှမ်းပြည်နယ်အတွင်း မြို့ပေါ်တွင် ဆောက်လုပ်ပေးမည့် ဝန်ထမ်းအိမ်ရာများအစား ကျေးလက်ရှိ ပညာရေးဝန်ထမ်း ဆရာ/ဆရာမများအတွက် တန်ဖိုးနည်းအိမ်ရာများ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ” နှင့်စပ်လျဉ်း သည့် မေးခွန်းအားမေးမြန်းရာပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း မှလည်းကောင်း အသီးသီး ပြန်လည်ဖြေကြားကြသည်။

ယင်းနောက် ဒုတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့) (၁၇-၉-၂၀၁၈) ရက်နေ့တွင်ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းခဲ့သော၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ဘဏ္ဍာငွေအရသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးရန်အမည်စာရင်းပေးပို့သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မရှိသဖြင့် ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ဘဏ္ဍာငွေအရသုံးဆိုင်ရာ ဥပဒေကြမ်း အပေါ် ရှမ်းပြည်နယ် လွှတ်တော် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ တာချီလိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့် နှင့် ရှမ်းပြည်နယ် ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ရွာငံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစဝ်အောင်မြတ် တို့က စိစစ်သုံးသပ်တင်ပြသည့် အကြံပြုချက်အစီရင်ခံစာများကို ဖတ်ကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ယင်းဥပဒေမူကြမ်း ကို အတည်ပြုပေးနိုင်ပါရန် ဆွေးနွေးရှင်းလင်းပြီး လွှတ်တော်၏အဆုံးအဖြတ်ရယူရာ ယင်း ဥပဒေမူကြမ်းကို လွှတ်တော်ကသဘောတူသဖြင့် အတည်ပြုကြောင်း ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။

၎င်းနောက် မိုင်းပန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းနောင့် တင်သွင်းသည့် “ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့ မော်တော်ယာဉ်များကို ပြည်သူလူထုမနစ်နာစေရေးအတွက် အခြားနည်းလမ်းတစ်ရပ်ရပ်ဖြင့် မှတ်ပုံတင် ဆောင်ရွက် နိုင်ရေး ပြည်ထောင်စုအစိုးရသို့ တင်ပြပေးရန် ရှမ်းပြည်နယ် အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို ရပ်စောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်ညီညီကျော် မှ အကြံပြုထောက်ခံသွားပြီး လင်းခေးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအောင်မျိုးကျော်မှ ထောက်ခံဆွေးနွေးရာ အဆိုနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက အဆိုကို မှတ်တမ်းတင်သင့်ပါကြောင်း ရှင်းလင်းဆွေးနွေးပြီး အဆိုရှင်က အတည်ပြုပေးနိုင်ပါရန် လွှတ်တော်၏အဆုံးအဖြတ်ရယူရာ ယင်းအဆိုအား မှတ်တမ်းတင်ကြောင်း ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ယင်းနောက် ရှမ်းပြည်နယ်လွှတ်တော် ရှမ်းပြည်နယ်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို ကော်မတီအတွင်းရေးမှူး မိုးမိတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီဝင်းက လွှတ်တော်သို့ ဖတ်ကြားရှင်းလင်းရာ ပြည်နယ်လွှတ်တော်က မှတ်တမ်းတင်ကြောင်း ရှမ်းပြည် နယ် လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ထို့နောက် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (ပဉ္စမနေ့)ကို မွန်းတည့်(၁၂:၂၅)နာရီတွင် ပြီးမြောက်ကြောင်းကြေညာပြီး (ဆဋ္ဌမနေ့)ကို စက်တင်ဘာလ(၂၄)ရက် နံနက်(၁၀)နာရီတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

Leave a reply