Saturday, October 31

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့)ကျင်းပ

0
25

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)ကို ဇွန်လ(၁၀)ရက်၊ (တနင်္လာနေ့) နံနက် (၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များ၊ လေ့လာသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၄)ဦး တို့အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ်လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းဝေးတက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် (၁၄၀)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ(၁၄)ဦးရှိပြီး အစည်းအဝေးသို့ (၁၂၆)ဦး တက်ရောက်သဖြင့် (၉၀)% ရှိသောကြောင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် ပထမနေ့ အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။ ထို့နောက် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က နှုတ်ခွန်းဆက်စကားပြောကြားပါသည်။

၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၀)ဦးမှ ကြယ်ပွင့်ပြမေးခွန်း(၁၅)ခု မေးမြန်းရာ မိုင်းရှူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလင်းမြတ်က “ရှမ်းပြည်နယ်အတွင်းရှိ ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာနများ၊ ကျန်းမာရေးဌာနခွဲများတွင် ဆေးရုံသုံး စွန့်ပစ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးသည့် မီးပြင်းဖို (Incinerator)များ တပ်ဆင်အသုံးပြုသွားရန် အစီအစဉ် ရှိ/ မရှိ” နှင့်စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း မှ လည်းကောင်း၊ ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က “မူဆယ်၊ လားရှိုး၊ ကျောက်မဲ၊ မိုးမိတ်ခရိုင်အပြင် ပလောင်နှင့်ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင်ပါဝင်သော မြို့နယ်တရားရုံးများတွင် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ- ၁၇(၁) ဖြင့် တရားရင်ဆိုင်နေရသော အမှုနှင့် တရားခံအရေအတွက်များကို သိရှိလိုပါသည်” နှင့် စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ရှမ်းပြည်နယ်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှလည်းကောင်း၊ သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးစိုင်းခမ်းအောင်က“သီပေါမြို့နယ်၊ နမ့်လန်နယ်မြေမီးသတ် တပ်ဖွဲ့စခန်းတွင် (၁၀၀×၄၀×၂၃) ပေ(၄) ခန်းတွဲ(၂)ထပ်ဝန်ထမ်း အိမ်ရာဆောက်လုပ် ပေးရန် အစီအစဉ် ရှိ/ မရှိ”နှင့်စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး မှလည်းကောင်း၊ မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါဝိဒ်က “မိုင်းဆတ်မြို့နယ်၊မိုင်းခုတ်မြို့နယ်(ခွဲ)၊ နာဘော်ခိုင်အခြေခံပညာမူလတန်းကျောင်းတွင် (၆၀×၃၀) ပေကျောင်း ဆောင်သစ်တစ် ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/ မရှိ ”နှင့် စပ်လျဉ်းသည့် မေးခွန်းမေးမြန်းရာ မေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း မှ လည်းကောင်း၊ ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ)ဦးညီလေးချမ်းက “ပင်းတယမြို့နယ်၊ ကျုံးကျေးရွာအုပ်စု၊ ကျုံးကျေးရွာနှင့်မိုင်းလီကျေးရွာအုပ်စု၊ မိုင်းအင်ကျေးရွာ တွင်မီးသတ်နယ်မြေစခန်းအဆောက်အဦနှင့် မီးသတ်ယာဉ်များရရှိရေးအတွက် မည်သို့စီမံ ဆောင်ရွက်ပေးမည်” နှင့်စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး မှလည်းကောင်း၊ “ရှမ်းပြည်နယ်အတွင်းရှိ တောင်ဆင်း တောင်တက်အကွေ့အကောက်များသည့် လမ်းမများ၏ လမ်းဘေးဝဲယာတွင် အကာအရံအတား အဆီးအဖြစ် မည်သို့စီမံဆောင်ရွက်ပေးမည်” နှင့်စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးမှလည်းကောင်း၊ “ရွာငံမြို့နယ်၊ နန်းခုံကျေးရွာအုပ်စု၊ နန်းခုံကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်းမြေထိန်းနံရံပြုလုပ်ရန် လိုအပ်နေသော ဘိလပ်မြေအိတ်(၃၀၀) ကူညီထောက်ပံ့ပေးရန် အစီအစဉ် ရှိ/ မရှိ” နှင့်စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း မှလည်းကောင်း၊ မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံက “မိုင်းကိုင်မြို့နယ်၊ လွယ်ကုန်ကျေးရွာအုပ်စု၊ လွယ်နမ့်တောက်ကျေးရွာအတွက် စိမ့်စမ်းရေသွယ်(၅)မိုင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ”နှင့်စပ်လျဉ်းသည့်မေးခွန်း၊ “မိုင်းကိုင်မြို့နယ်၊ ဟိုနားကျေးရွာအုပ်စု၊ ဟိုနားကျေးရွာအတွက် စိမ့်စမ်းရေသွယ် (၇)မိုင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ”နှင့်စပ်လျဉ်းသည့်မေးခွန်း၊ “မိုင်းကိုင်မြို့နယ်၊ ခေးအုံအွေ့ ကျေးရွာအုပ်စု၊ ခေးအုံအွေ့ကျေးရွာအတွက် စိမ့်စမ်းရေသွယ်(၅)မိုင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ” နှင့်စပ်လျဉ်း သည့်မေးခွန်း နှင့်“မိုင်းကိုင်မြို့နယ်၊ ဟိုခဲကျေးရွာအုပ်စု၊ လုံစံကျေးရွာအတွက် စိမ့်စမ်းရေသွယ် (၅)မိုင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ” နှင့်စပ်လျဉ်းသည့်မေးခွန်းများအား မေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ လည်းကောင်း၊ နမ္မတူမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ်က“ရှမ်းပြည်နယ်အတွင်းရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်နှင့် ခရိုင်ရုံးများအတွက် ထောက်ပံ့ရေးပစ္စည်းသယ်ယူပို့ဆောင်သည့်ယာဉ်အား လျာထားပေးရန် အစီအစဉ် ရှိ/ မရှိ” နှင့် စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်မှလည်းကောင်း၊ သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက “ သိန္နီမြို့နယ်၊ မီးသတ်ဦးစီးဌာနတွင် လိုအပ်လျက်ရှိသည့် မီးငြိမ်းသတ်ရေးပစ္စည်းနှင့် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေတွင် ခွဲဝေချထားပေးရန် အစီအစဉ်ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး မှလည်းကောင်း၊ နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင် က“နမ့်ခမ်းမြို့၊ အမှတ်(၁၃)ရပ်ကွက်ရှိ အခြေခံ ပညာ မူလတန်းကျောင်း (မန်နား) ကျောင်းဆောင်တွင် စာသင်ခန်း များလုံလောက်မှု မရှိပါသဖြင့် စာသင်ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/ မရှိ” နှင့်စပ်လျဉ်းသည့် မေးခွန်း အားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း မှလည်းကောင်း၊ မဘိမ်း မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ညို က “မဘိမ်းမြို့၊ မီးသတ် စခန်းတွင် ခေတ်မီမီးသတ် ရေသယ်ယာဉ်တစ်စီး အစားထိုးလဲလှယ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှလည်းကောင်း အသီးသီးပြန်လည်ဖြေကြားကြသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်ကိုယ်စား ပြည်နယ်လျှပ်စစ်စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှန်တစ်လုံက ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းအား ရှမ်းပြည်နယ်လွှတ်တော်သို့တင်သွင်းရာ အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာပါသည်။

ထို့နောက် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (ပထမနေ့)ကို နံနက် (၁၁:၃၀)နာရီအချိန်တွင် ပြီးမြောက်ကြောင်းကြေညာပြီး (ဒုတိယနေ့)ကို ဇွန်လ (၁၁)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

Leave a reply