Thursday, October 22

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကျင်းပ

0
27

တောင်ကြီး ဇွန် ၁၁

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ဇွန်လ(၁၁)ရက်၊ (အင်္ဂါနေ့) နံနက် (၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များ၊ လေ့လာသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ( ၁၁ )ဦး တို့ အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ်လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းဝေးတက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် (၁၄၀)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ(၁၁)ဦးရှိပြီး အစည်းအဝေးသို့ (၁၂၉)ဦး တက်ရောက်သဖြင့် (၉၂.၁၄)% ရှိသောကြောင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် ဒုတိယနေ့ အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။

၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၀)ဦးမှ ကြယ်ပွင့်ပြမေးခွန်း(၁၆)ခု မေးမြန်းရာ သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက “သိန္နီမြို့နယ်၊ ပိန်းဆာကျေးရွာအုပ်စု၊ ဆွန်ခိုင်းကျေးရွာအတွင်းရှိ တန့်စီကျိုင်း ဆည်မှာ ပြိုကျပျက်စီးသွားပါသဖြင့် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေ တွင် ခွဲဝေချထားပေးရန် အစီအစဉ် ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ လည်းကောင်း၊ ညောင်ရွှေမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက “ရှမ်းပြည်နယ် အတွင်းရှိ ပုဂ္ဂလိကဆေးရုံ၊ ဆေးပေးခန်းများနှင့် ပြည်သူ့ဆေးရုံ၊ ဆေးပေးခန်းများမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများအား စီမံဆောင်ရွက်နေမှု” နှင့်စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းရာ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း မှလည်းကောင်း၊ ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက “ကျိုင်းတုံမြို့နယ်၊ ကတ်တောင်ကျေးရွာ အုပ်စုနှင့် ယန်းကျိန်ကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ထူကိုယ်ထလက်ရိုက်ဆည် (၆)ခုအား ကျောက်စီ ကွန်ကရစ်ရေလွှဲဆည်အဖြစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/ မရှိ ”နှင့် စပ်လျဉ်းသည့်မေးခွန်း အားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ လည်းကောင်း၊ သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးက “မြို့နယ်အဆင့် အငယ်တန်းဝန်ထမ်းများ ရွေးချယ်ရာတွင် သက်ဆိုင် ရာဌာနအကြီးအကဲများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့၊ မြို့နယ်အဆင့်ဖြင့်သာ ရွေးချယ်သွားနိုင်ရေး အစီအစဉ် ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း မှ လည်းကောင်း၊ “သီပေါမြို့နယ်၊ ကျင်သီကျေးရွာအုပ်စု၊ ပုံဖမ်း-တွန်ဆောက် မြေသားလမ်းအရှည်(၂)မိုင်အား ကောင်းမွန်သည့် မြေသားလမ်း အဖြစ် ပြန်လည်ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ”နှင့်စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းမှ လည်းကောင်း၊ “သီပေါမြို့နယ်၊ ပန်စောက်မိန်းကျေးရွာအုပ်စု၊ မြို့ဟောင်းကျေးရွာ၊ ရှမ်းစာပေ နှင့်ယဉ်ကျေးမှု ခန်းမအနီး ကမ်းပါးရံတွင် မြစ်ကမ်းပါးမြေထိန်းနံရံ၊ မြေကာနံရံတစ်ခု တည်ဆောက်ပေးရန်အစီအစဉ် ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးမှ လည်းကောင်း၊ နမ္မတူမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ်က“ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေ ဘာသာစကားသင် ဆရာ/ ဆရာမ နေ့စားလပေး Teaching Assistant များအား တရားဝင်ဝန်ထမ်းအဖြစ် ခန့်အပ်ရန်အစီအစဉ် ရှိ/ မရှိ” နှင့် စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း မှ လည်းကောင်း၊ နမ့်ဆန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဏ်းက နမ့်ဆန်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက အချိန်မီငြိမ်းသတ်နိုင်ရေး အတွက် မြို့ပတ်လမ်း ဖောက်လုပ်ပေးမည့် အစီအစဉ် ရှိ/မရှိ” နှင့်“ရှမ်းပြည်နယ်အတွင်းရှိ လုပ်သက်ရင့်အစိုးရဝန်ထမ်းများအတွက် တန်ဖိုးသင့်အိမ်ရာများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မည်ကဲ့သို့စီစဉ်ဆောင်ရွက်ပေးမည်”နှင့်စပ်လျဉ်းသည့် မေးခွန်းများအားမေးမြန်းရာ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး မှလည်းကောင်း၊ မိုင်းယောင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်က “မိုင်းယောင်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းရှိ (၁)ထပ်ကျောင်းဆောင်ဟောင်းအား ဖျက်သိမ်းပြီး (၉၀‘­×၃၀‘)ပေနှစ်ထပ်ကျောင်းဆောင်အသစ် ပြန်လည်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/ မရှိ” နှင့်စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း မှ လည်းကောင်း၊ မိုင်းရယ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမြင့်ထူးက “မိုင်းရယ်မြို့နယ်မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်စခန်းတွင် လိုအပ် သည့် ရေသယ်ယာဉ်(၁)စီးနှင့် ပစ္စည်းကိရိယာများချထားပေးရန်” နှင့်စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှလည်းကောင်း၊ ကလောမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်က “ရှမ်းပြည်နယ်အတွက် လိုအပ်နေသောမြေယာခွန်ဥပဒေနှင့် ပတ်သက်၍ မည်သည့်ဌာနမှ တာဝန်ယူ ရေးဆွဲနေသည်”နှင့် စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှလည်းကောင်း၊ ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ)ဦးညီလေးချမ်းက “၂၀၁၉-၂၀၂၀ပညာသင်နှစ် အတွက် အခြေခံပညာကျောင်းများဖွင့်ချိန်တွင် ငွေကြေးကောက်ခံမှု” နှင့်“ရှမ်းပြည်နယ်အတွင်း ရေသန့်ထုတ်လုပ်သော စက်ရုံမည်မျှရှိပြီး ရေသန့်များသည် သတ်မှတ်စံချိန်စံညွှန်း မီ/ မမီ စစ်ဆေး စီမံဆောင်ရွက်နေမှု” နှင့်စပ်လျဉ်းသည့် မေးခွန်းတို့အားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း မှလည်းကောင်း၊ မိုင်းဖြတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျောက်က “မိုင်းဖြတ်မြို့နယ်၊ နမ့်ကုန်းကျေးရွာအုပ်စုရှိ နမ့်ဟွေခွန်ရေသွယ် မြောင်းအား ခိုင်မာသောရေသွယ်မြောင်းအဆင့်ထိ ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ လည်းကောင်း၊ နောင်ချိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေက “နောင်ချိုမြို့နယ်၊ ဘန့်ဘွေးနယ်မြေမီးသတ်စခန်း အဆောက်အဦနှင့် မီးသတ် ယာဉ်(၁)စီး စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ” နှင့်စပ်လျဉ်းသည့်မေးခွန်းနှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး မှလည်းကောင်း အသီးသီးပြန်လည် ဖြေကြားကြသည်။

ထို့နောက် လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဂူဆာ၊ အာခါတိုင်းရင်းသား လူမျိုး ရေးရာဝန်ကြီး ဦးအာဗေလ၊ လားဟူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးယောသပ်၊ ရွာငံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းစိုး၊ မိုင်းပန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းနောင့်၊ မက်မန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီနပ်၊ မိုင်းယန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှိုင်ခမ်း၊ ပင်လောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခွန်စောအောင်၊ နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်၊ ကွမ်းလုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထွန်း၊ ဟိုပန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရန်ကျော်၊ နမ္မတူမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ်တို့မှ တင်သွင်းသည့် “ရှမ်းပြည်နယ်အခြေခံပညာကျောင်းများ ဘေးကင်းစိတ်ချရသော အစားအသောက်ဥပဒေ(မူကြမ်း)” ကို ပညာရေး၊ ကျန်းမာရေးနှင့် အမျိုးသမီးနှင့် ကလေးဆိုင်ရာ မြှင့်တင်မှုကော်မတီအဖွဲ့ဝင် နမ္မတူမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ် မှ ပြည်နယ်လွှတ်တော်သို့ ဖတ်ကြားတင်ပြခဲ့ပြီး အဆိုပါဥပဒေ(မူကြမ်း)နှင့် ပတ်သက်၍ လက်ခံဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၏ အဆုံး အဖြတ်ရယူရာ လွှတ်တော်မှသဘောတူသဖြင့် ယင်းဥပဒေ(မူကြမ်း) နှင့် ပတ်သက်၍ ဆွေးနွေးလိုသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအား ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့ နောက်ဆုံးထား၍ ပြည်နယ်လွှတ်တော်ရုံးသို့ ပေးပို့နိုင်ပါကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှကြေညာသည်။

၎င်းနောက် ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးကြွယ်ကြွယ်မှ ရှမ်းပြည်နယ် တရားလွှတ်တော်၏ ၂၀၁၈ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာအား လွှတ်တော်သို့ ဖတ်ကြားတင်ပြခဲ့ပါသည်။

ထို့နောက် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (ဒုတိယနေ့)ကို နေ့လယ် (၁၂) နာရီ (၂၅)မိနစ်အချိန်တွင် ပြီးမြောက်ကြောင်းကြေညာပြီး (တတိယနေ့)ကို ဇွန်လ (၁၂)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

Leave a reply