Tuesday, October 20

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကျင်းပ

0
22

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကျင်းပ

 

တောင်ကြီး ဇွန် ၁၃

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ကို ဇွန်လ(၁၃)ရက်၊ (ကြာသပတေးနေ့) နံနက်(၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များ၊ လေ့လာသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၃)ဦး တို့ အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ် လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို လွှတ်တော်မှအတည်ပြုကြောင်း ကြေညာပါသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းဝေးတက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် (၁၄၀)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ(၁၃)ဦးရှိပြီး အစည်းအဝေးသို့ (၁၂၇)ဦး တက်ရောက်သဖြင့် (၉၀.၇၁)% ရှိသောကြောင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတုတ္ထနေ့ အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာပါသည်။

၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၈)ဦးမှ ကြယ်ပွင့်ပြမေးခွန်း(၁၄)ခု မေးမြန်းရာ မိုင်းရှူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလင်းမြတ်က “မိုင်းရှူးမြို့၊ မြို့မဂေါက်ကွင်း သာယာလှပရေးအတွက် အသစ်ပြန်လည် တည်ဆောက်မည့် ဆိုင်ခန်းများကိစ္စ” နှင့် စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးကိုယ်စား ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ မှလည်းကောင်း၊ ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က “အိမ်နီးချင်းနိုင်ငံများနှင့် လယ်/ယာ ထွက်ကုန်သီးနှံများ တင်ပို့ရောင်းချရာတွင် အစိုးရအနေဖြင့် ကူညီဆောင်ရွက် ပေးရန်အစီအစဉ် ရှိ/ မရှိ” နှင့်စပ်လျဉ်းသည့် မေးခွန်းအား ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်မှလည်းကောင်း၊ သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခမ်းအောင်က“သီပေါမြို့နယ် မီးသတ်စခန်း အတွက် ရှာဖွေကယ်ဆယ်ရေးပစ္စည်း(၄)မျိုးပါဝင်သော Hydraulic Rescue Tools Complete Set တစ်စုံအားဖြည့်ဆည်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ”နှင့် “သီပေါမြို့နယ်၊ လုံတောင်းကျေးရွာ အုပ်စု၊ ပုံလျန်းကျေးရွာရှိ နမ့်လာချောင်းပေါ်တွင် ကွန်ကရစ်ဆည် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့်မေးခွန်းများအား မေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးနှင့် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်တို့မှ လည်းကောင်း၊ နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်က “နမ့်ခမ်းမြို့နယ်ရှိ ဟိုနားကျေးရွာ(ပန်ခါး)မှ ပန်ခါးကျေးရွာအထိ (၆)မိုင်ခန့် ရှည်လျားသော မြေသားလမ်းချဲ့ခြင်းနှင့် ကျောက်ရောမြေခင်းပေးနိုင်မည့် အစီအစဉ် ရှိ/မရှိ”နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး မှလည်းကောင်း၊ ကလောမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်က “၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် အင်းလေးဇုန်ဝင်ခွင့်နှင့် စပ်လျဉ်း၍ ရငွေလျာထားချက်၊ လေလံအောင်မြင်သူနှင့် စာချုပ်ချုပ်ဆိုမှုအရ လေလံကြေးနှင့် စာချုပ်ပါအတိုင်း ဆောင်ရွက်ထားရှိခဲ့မှု” နှင့် “ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၁ – ၂၀၁၂ မှ ၂၀၁၅ – ၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် ရှမ်းပြည်နယ်စာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ အပိုဒ်(၃၁)၊ အပိုဒ်ခွဲ(ဃ)အရ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ကုမ္ပဏီ(၃)ခုသို့ ချေးငွေများ ထုတ်ပေးမှု”၊ “ရှမ်းပြည်နယ် စာရင်းစစ်ချုပ်ရုံး၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်များတွင် ဌာနအဖွဲ့အစည်းများ၏ လုပ်ငန်းနှင့် စာရင်းများစိစစ်တွေ့ရှိချက် အစီရင်ခံစာအပိုဒ်(၁၇)မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ပေးသွင်းရမည့် ကျန်ငွေများကို ပေးသွင်းမှု ရှိ/ မရှိ ကြီးကြပ်ဆောင်ရွက် နေမှု”နှင့်စပ်လျဉ်းသည့် မေးခွန်းများအားမေးမြန်းရာ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်မှ လည်းကောင်း၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက “နမ့်စန်မြို့နယ်ရှိ မြို့လယ်တွင် ဖြတ်သန်းစီးဆင်းနေသော နမ့်လတ်ချောင်း မြေထိန်းနံရံတည်ဆောက်ခြင်း၊ ချောင်းပိုင်းသဲနုန်းတူးဖော်ခြင်း၊ ရေတား တမံငယ် Weir တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ” နှင့် “လွိုင်လင်မြို့နယ်၊ တောင်နောက်အုပ်စု၊ လွိုင်လင်တောင်ကြောတစ်လျှောက်ရှိ အဖိုးတန်ရေထွက်များ ရေထွက် လျော့နည်းခြင်း၊ ငုတ်လျှိုးပျောက်ကွယ်ခြင်းမရှိစေရေး”၊ “နမ့်စန်မြို့နယ်၊ ဝမ်နောင်နှင့် လွိုင်လကျေးရွာ အုပ်စုအတွင်းတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ” နှင့် စပ်လျဉ်းသည့်မေးခွန်းများအား မေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ လည်းကောင်း၊ မိုင်းယောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်က “မိုင်းယောင်းမြို့နယ်၊ မိုင်းယောင်း- ပါမုန်၊ နားဖန်း၊ ယမ်းမွန်းနှင့် ဟိုရမ်းကျေးရွာချင်းဆက် မြေသားလမ်းနှင့် ကျောက်ကြမ်းလမ်း(၃)မိုင် (၆.၆၅)ဖာလုံကို ကတ္တရာလမ်းအဖြစ် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/ မရှိ”၊ “မိုင်းယောင်းမြို့နယ်၊ ဝမ်ဘိုးနှင့် ဝမ်မန်းကျေးရွာအုပ်စု အတွင်းရှိ ဝမ်ဘိုး၊ ဝမ်မန်း၊ ဝမ်တုံ၊ ကော်လုန်း၊ ဝိန်းကျိုင်းနှင့် ဝမ်ခိုးကျေးရွာချင်းဆက်မြေသားလမ်း(၆)မိုင် (၄)ဖာလုံအား ကျောက်ချောလမ်းအဖြစ် ဖောက်လုပ်ပေးနိုင်ပါရန်အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်း များအား မေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးမှလည်းကောင်း၊ မိုင်းပန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းနောင့်က “မိုင်းပန်မြို့နယ်၏ တောင်ဘက်ရှိ နမ့်ဟောင်တိုင် (တောင်ချောင်း) လယ်ရေသွင်းမြောင်းအား ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ် ဖြည့်စွက် ရန်ပုံငွေတွင် လျာထားပေးရန် အစီအစဉ် ရှိ/ မရှိ” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှလည်းကောင်း အသီးသီး ပြန်လည်ဖြေကြားကြပါသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းခဲ့သော ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ် လွှတ်တော် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်ရေးကော်မတီ ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်တင့်က လွှတ်တော်သို့စိစစ်သုံးသပ်တင်ပြခဲ့ပြီး၊ ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီအဖွဲ့ဝင် ဦးအောင်ထွဏ်းမှ အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အစီရင်ခံစာ ဖတ်ကြားတင်ပြခဲ့ပါသည်။

၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်မှ ဆွေးနွေးရှင်းလင်းခဲ့ပြီးနောက် လွှတ်တော်၏ အဆုံးအဖြတ်ရယူကာ လွှတ်တော်မှ သဘောတူကြောင်းကြေညာပါသည်။ထို့နောက် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ရှမ်းပြည်နယ်လွှတ်တော် တိုင်ကြားစာများစိစစ်ရေးကော်မတီ၊ ရှမ်းပြည်နယ်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး နှင့် လျှပ်စစ် ရေးရာကော်မတီတို့၏ အဖွဲ့ဝင်တိုးချဲ့ဖွဲ့စည်းခြင်းကို လွှတ်တော်သို့တင်ပြခဲ့ပြီး အတည်ပြုချက်ရယူခဲ့ပါသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန် အစည်းအဝေးဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများ အား ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေး(စတုတ္ထနေ့)ကို နံနက် (၁၂)နာရီ (၃၅) မိနစ်အချိန်တွင် ပြီးစီးခဲ့ပြီး ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

Leave a reply