Monday, October 19

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ကျင်းပ

0
23

(၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ကျင်းပ

တောင်ကြီး စက်တင်ဘာ ၂၃

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပဉ္စမနေ့) ကို စက်တင်ဘာလ(၂၃)ရက်၊ (တနင်္လာနေ့) နံနက် (၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၆) ဦး တို့ အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ်လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းဝေးတက်ရောက်ခွင့်ရှိသူ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၁၄၀)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ(၁၆) ဦးရှိပြီး အစည်းအဝေးသို့ (၁၂၄) ဦး တက်ရောက်သဖြင့် (၈၈.၅၇)% ရှိသောကြောင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် (ပဉ္စမနေ့) အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာပါသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၆)ဦးမှ ကြယ်ပွင့်ပြမေးခွန်း(၈)ခု မေးမြန်းရာ ပင်းတယမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ) ဦးညီလေးချမ်း က “ရှမ်းပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုဆောင်ရွက်နေမှုနှင့် မှတ်ပုံတင်မရှိသည့် ပြည်သူများကို အချိန်မီ မှတ်ပုံတင်ရရှိအောင် မည်သို့စီမံဆောင်ရွက်ပေးမည်” နှင့်စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး ကလည်းကောင်း၊ ကျိုင်းတုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုး က “ကျိုင်းတုံမြို့နယ် အတွင်းရှိ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန/ အစိုးရအဖွဲ့အစည်းအဆင့်ဆင့်မှ အသုံးပြုလိုခြင်းမရှိ၍ အသီးသီးပြန်လည်စွန့်လွှတ်အပ်နှံခဲ့ကြသည့် နိုင်ငံပိုင်မြေ (State Land)” နှင့်“ မြန်မာ့မီးရထားမှ စွန့်လွှတ်သည့် ကျိုင်းတုံ- တောင်ကြီး ကားလမ်းမဘေး၊ ကျိုင်းတုံ တက္ကသိုလ်ရှေ့ရှိ ဧရိယာ (၄၂.၄၂)ဧကပေါ်တွင် အဝေးပြေးယာဉ်ရပ်နားစခန်း ဖွင့်လှစ်ရန် မြေနေရာအား ခွဲဝေချထားပေး နိုင်ရေး အစီအစဉ် ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် မေးခွန်းတို့ အားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော် ကလည်းကောင်း၊ ကွန်ဟိန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံထွန်း က “ကွန်ဟိန်းမြို့နယ်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မ-၁၊ ကျိုင်းလွန်းကျောင်းနှင့် အခြေခံပညာမူလတန်းလွန် နမ့်တွတ် ကျောင်း(၃)ကျောင်းအား အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ” နှင့်“ကွန်ဟိန်းမြို့နယ်၊ လိုက်ကမ်ကျေးရွာအုပ်စု၊ ကုန်းပေါင်းကျေးရွာရှိ မူလွန်နမ့်တွတ်ကျောင်းအတွက် စာသင်ဆောင် ချထားပေးမည့် အစီအစဉ် ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် မေးခွန်းတို့အားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ကလည်းကောင်း၊ ကွန်ဟိန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ကျော်ဦးက “ကွန်ဟိန်းမြို့နယ်၊ ဟိုပန်ကျေးရွာအုပ်စုအတွင်းရှိ ပန်လုံ – နားကန် ကျေးရွာချင်းဆက် မြေသား လမ်း(၄)မိုင် အား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ဖောက်လုပ် ပေးရန် အစီအစဉ် ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး ကလည်းကောင်း၊ မိုင်းကိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန် က “ ရှမ်းပြည်နယ်အတွင်း ဘေးအန္တရာယ် အမျိုးမျိုး ဖြင့် ဒုက္ခရောက်နေကြရသည့် ပြည်သူများအား အစိုးရမှ ကူညီဆောင်ရွက်ပေးမှု” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က လည်းကောင်း၊ မိုင်းပျဉ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှဝင်း က “မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ကျေးရွာလမ်း (၆)လမ်းအတွက် Box Culvert များ တည်ဆောက်ခွင့်ပြု ပေးရန် အစီအစဉ် ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးကလည်းကောင်း အသီးသီးပြန်လည်ဖြေကြားကြသည်။

၎င်းနောက် ရှမ်းပြည်နယ်လွှတ်တော်၊ ဥပဒေပြုရေးဆိုင်ရာကော်မတီဝင် ဖယ်ခုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေရီနျို့က ရှမ်းပြည်နယ် ကြက်မွေးမြူရေး ဥပဒေ(မူကြမ်း) နှင့်စပ်လျဉ်း၍ ကော်မတီ၏အစီရင်ခံစာအား လွှတ်တော်သို့ ဖတ်ကြားရှင်းလင်းပြီး အတည်ပြုပေးနိုင်ပါရန် လွှတ်တော်၏အဆုံးအဖြတ်ရယူရာ ပြည်နယ်လွှတ်တော် က သဘောတူသဖြင့် ကျောက်မဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ် တင်သွင်းသည့် ရှမ်းပြည်နယ်ကြက်မွေးမြူရေးဥပဒေ (မူကြမ်း)ကို အတည်ပြု ကြောင်း ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ကကြေညာပါသည်။

ထို့နောက် ဒုတိယအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက်ပုံမှန် အစည်းအဝေး (ပဉ္စမနေ့) ကို (၁၂) နာရီအချိန်တွင် ပြီးစီးကြောင်းကြေညာပြီး (ဆဋ္ဌမနေ့)ကို စက်တင်ဘာလ (၂၄) ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

Leave a reply