Thursday, August 13

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ကျင်းပ

0
13

တောင်ကြီး စက်တင်ဘာ ၂၄

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) ကို စက်တင်ဘာလ(၂၄)ရက်၊ (အင်္ဂါနေ့) နံနက် (၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂၀) ဦး တို့ အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ်လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းဝေးတက်ရောက်ခွင့်ရှိသူ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၁၄၀)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ(၂၀) ဦးရှိပြီး အစည်းအဝေးသို့ (၁၂၀) ဦး တက်ရောက်သဖြင့် (၈၅.၇၁)% ရှိသောကြောင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် (ဆဋ္ဌမနေ့)အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာပါသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၈)ဦးမှ ကြယ်ပွင့်ပြမေးခွန်း(၁၁)ခု မေးမြန်းရာ မိုင်းရှူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းကောင်ခမ်းက “မိုင်းရှူးမြို့၊ အခြေခံပညာအလယ်တန်းကျောင်း၌ နှစ်ထပ်(RC) (၁၀၀¢×၃၀¢) ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ”နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း ကလည်းကောင်း၊ ရပ်စောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော် က “ရပ်စောက်မြို့နယ်တွင် တောင်သူ လယ်သမားများ၏ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)ရရှိရေး ဆောင်ရွက်နေမှု” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော် ကလည်းကောင်း၊ ပင်းတယမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ) ဦးညီလေးချမ်း က “ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ပိုင်ရှင်ရှိ/ ပိုင်ရှင်မဲ့ ခွေးနှင့် ကြောင်တို့အား ခွေးရူးရောဂါကာကွယ်ဆေးထိုး ပေးရန်နှင့် မျိုးပွားမှုထိန်းချုပ်ရန်အတွက် မည်သို့စီမံ ဆောင်ရွက်ပေးမည်”နှင့် “ရွာငံမြို့နယ်၊ နန်းခုံ ကျေးရွာအုပ်စု၊ နန်းခုံကျေးရွာရှိ အခြေခံ ပညာအလယ်တန်းကျောင်းအား အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ အဆင့်တိုးမြှင့်ပေး နိုင်ရေး” နှင့်စပ်လျဉ်းသည့် မေးခွန်းတို့အားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က လည်းကောင်း၊ မိုင်းပျဉ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှဝင်း က “မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု၊ ကျေးရွာချင်းဆက်လမ်းများအား မြေသားလမ်းမှ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း(၆)ခု၊ ကွန်ကရစ်ခင်းခြင်း လုပ်ငန်း(၁)ခုနှင့် မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း(၁)ခုတို့အား ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးလည်းကောင်း၊ ဖယ်ခုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဒေါ်မေရီနျို့ က “ဖယ်ခုံမြို့နယ်၊ နောင်လိုင်ကျေးရွာအုပ်စု၊ ကွမ်လုံကွင်းပြင်၊ ဦးပိုင်အမှတ် ၁၉ နှင့် ၃၇ တွင် မြေစာရင်း (ပုံစံ-၇)များမမှန်မကန် ထုတ်ပေးထားမှုတို့အား ပြန်လည်စိစစ်အရေးယူ ဆောင်ရွက်ပေးရန်” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော် မှလည်းကောင်း၊ နမ့်ခမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင် က “နမ့်ခမ်းမြို့နယ်၊ နမ့်ဆရီးနှင့် မန်လုံကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ (၅)ရွာမှ နမ့်ခမ်းမြို့သို့ ဆက်သွယ်ထားသောမြေသားလမ်း (၁/၀)မိုင်အား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ရန် မည်ကဲ့သို့စီမံဆောင်ရွက်ပေးမည်” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးမှလည်းကောင်း၊ သိန္နီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီ က “သိန္နီမြို့နယ်၊ ပိန်းဆာကျေးရွာအုပ်စုရှိ မျောရိုက်၊ ကျောက်ဖြည့်ဆည်အား အလျား ၇၀ ပေ× အမြင့် ၅ ပေ×တူးမြောင်းအလျား ၂၀၀ ပေခန့်ရှိသော ဖိုင်မောင့်ရေလွှဲဆည်အဖြစ် မည်သည့်ဘဏ္ဍာရေးနှစ် တွင် တည်ဆောက်ပေးနိုင်မည်” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော် ကလည်းကောင်း၊ လဲချားမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်ဇေယျက “လဲချားနှင့် နမ့်စန်မြို့နယ် ချင်းဆက်လမ်းဖြစ်သည့် လဲချား-ပုံတိုက်-နားမန်း-နမ့်စန်မြေသားလမ်း (၂၈) မိုင်ခန့်အနက် ကျန်လမ်းပိုင်း(၂၁)မိုင် ကျော်ခန့်အား ကျောက်ချောလမ်း၊ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးမှလည်းကောင်း၊ “လဲချားမြို့နယ်၊ လူဝင်မှုကြီးကြပ် ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးအတွက် မြို့နယ်ဦးစီးမှူးရုံးနှင့် ဝန်ထမ်းအိမ်ရာများအား ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး ကလည်းကောင်း၊ “လဲချားမြို့နယ်၊ အမှတ်(၄) ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းအဆောက် အအုံသစ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းကလည်းကောင်း အသီးသီးပြန်လည်ဖြေကြားကြသည်။

၎င်းနောက် မိုင်းဆတ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းက “ ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ထိခိုက် ဒဏ်ရာရ သေဆုံးမှုများအတွက် ဝမ်းနည်းကြောင်း”အဆိုတစ်ရပ်တင်သွင်းရာ နမ့်စန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက အဆိုအား ထောက်ခံဆွေးနွေးပြီး ယင်းအဆိုကို အတည်ပြုမှတ်တမ်းတင်ရန်အတွက် ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်ကသဘောတူသဖြင့် ယင်းအဆိုကို အတည်ပြုမှတ်တမ်းတင် ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက်ပုံမှန် အစည်းအဝေးဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေး(ဆဋ္ဌမနေ့) အား (၁၁:၅၀)နာရီအချိန်တွင် ပြီးစီးခဲ့ပြီး ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

Leave a reply