Saturday, October 17

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၇ )ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့)ကျင်းပ

0
21

(၁၇ )ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့)ကျင်းပ

တောင်ကြီး ဒီဇင်ဘာ ၁၆

 

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့) ကို ဒီဇင်ဘာလ(၁၆)ရက် (တနင်္လာနေ့)၊ နံနက် (၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များ၊ လေ့လာသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၅)ဦး တို့အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ် လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းဝေးတက်ရောက်ခွင့်ရှိသူ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၁၄၀)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ(၁၅)ဦးရှိပြီး အစည်းအဝေးသို့ (၁၂၅)ဦး တက်ရောက်သဖြင့် (၈၉.၂၉)% ရှိသောကြောင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် ပထမနေ့ အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာပါသည်။ ထို့နောက် ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က နှုတ်ခွန်းဆက် စကားပြောကြားပါသည်။ ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မိန့်ခွန်းပြောကြား၍ အဆိုပါ မိန့်ခွန်းအား ပြည်နယ်လွှတ်တော်က မှတ်တမ်းတင်ကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ကြေညာပါသည်။

၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၂)ဦးက ကြယ်ပွင့်ပြမေးခွန်း(၁၅)ခု မေးမြန်းရာ နမ္မတူမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ်က “ပြည်ထောင်စုလမ်းမကြီးဖြစ်သော လားရှိုး-မန်စံ-နမ္မတူ လမ်းမပေါ်ရှိ နမ့်ဆီဝေါတံတားအား သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ” နှင့် စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက လည်းကောင်း၊ မိုင်းပန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအောင်ခမ်းက “မိုင်းပန်မြို့နယ်ရှိ နမ့်ပန်ချောင်းအပိုင်းဖြစ်သည့် ဟွေကျောင်းချောင်းဆုံမှ ကန်မောက်လျံကျေးရွာအထိ (၅)မိုင်(၄)ဖာလုံအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် သဲ၊ နုန်းများ ဆက်လက်တူးဖော်ပေးမည်”နှင့် စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က လည်းကောင်း၊ ရွာငံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းစိုးက “ရွာငံမြို့၊ မြို့ကုန်းရပ်ကွက် မြောက်ဘက်မြေနေရာအား စံကိုက်ဘောလုံးကွင်းအဖြစ် ဖော်ထုတ်ပေးရန် အစီအစဉ်ရှိမရှိ” နှင့် စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက လည်းကောင်း၊ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးအောင်ဆန်းဒေးက “ရှမ်းပြည်နယ်အတွင်း ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကဏ္ဍတွင် ပြည်နယ်အစိုးရ၏ ကူညီဆောင်ရွက် နေမှု ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံကလည်းကောင်း၊ မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဒါဝိဒ်က “ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းပေါ်ကျေးရွာအုပ်စု၊ အူးဖူဒေ့ကျေးရွာမှ ခကြားဒေကျေးရွာချင်းဆက် ကျောက်ခင်းလမ်းအား ပြုပြင်ထိန်းသိမ်းပေးရန် အစီအစဉ်ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးက လည်းကောင်း၊ မိုင်းယန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက “မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ နမ့်မုတ်ကျေးရွာမှ ပုံလုံကျေးရွာသွားလမ်း (၂)မိုင်(၆)ဖာလုံအား မြေသားလမ်းချဲ့ထွင်ခြင်း၊ ကျောက်ရောမြေခင်းခြင်းနှင့် ၎င်းလမ်းပေါ်ရှိ အရှည်(၂၀)ပေ၊ အမြင့်(၁၀)ပေ၊ အကျယ်(၁၈)ပေတံတားအား ဘေလီတံတားအဖြစ် တည်ဆောက် ပေးရန် အစီအစဉ်ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်ဆက်သွယ် ရေးဝန်ကြီး ဦးခွန်ရဲထွေးကလည်းကောင်း၊ “မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ ပုံလုံကျေးရွာမှ ဖာလန်သို့သွားသည့် ကုန်ထုတ်လမ်း(၃)မိုင်အား လမ်းချဲ့ထွင်ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က လည်းကောင်း၊ နမ့်ဆန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ထွဏ်းက “နမ့်ဆန်မြို့နယ်၊ လုံတောက်-လီလုကျေးရွာအုပ်စုချင်းဆက်လမ်း ပေါ်ရှိ လီလု-မန်ပိန်း သစ်သားတံတားအား ပြန်လည်ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိ”နှင့် စပ်လျဉ်း သည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက လည်းကောင်း၊ ညောင်ရွှေမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်မိုးက “ ရှမ်းပြည်နယ်အတွင်းတင်ဒါအောင်မြင်သော ကုမ္ပဏီများမှ လုပ်ဆောင်ခွင့်ရရှိ သော လုပ်ငန်းများသို့ ကွင်းဆင်းရာတွင် တာဝန်ခံများမတွေ့ရှိရမှုအပေါ် တင်ဒါစည်းကမ်းအရ မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံကလည်းကောင်း၊ တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး ပြည့်ဖြိုးအောင်က “မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့နယ်ခွဲ၊ တာကြန့် ကျေးရွာအုပ်စု၊ ကော်ဆမ်မိန်းကျေးရွာ၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း(ကော်ဆမ်မိန်း)တွင် ကျောင်းဆောင်သစ် ထပ်မံတိုးချဲ့ဆောက်လုပ်နိုင်ရေး စီမံဆောင်ရွက်ပေးမှု”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက လည်းကောင်း၊ ကလောမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်က “ရှမ်းပြည်နယ်အတွင်းရှိ ပြည်သူများမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ ပေးပို့တိုင်ကြား ခဲ့သည့် တိုင်ကြားစာများ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက လည်းကောင်း၊ သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက “ရှမ်းပြည်နယ်အတွင်းအခြေခံပညာ ကျောင်းများတွင် တိုင်းရင်းသားဘာသာစာပေ ပြဋ္ဌာန်းပုံနှိပ်စာအုပ်များကို ပညာသင်နှစ်အလိုက် စဉ်ဆက်မပြတ် ထုတ်ဝေပေးရန် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းကလည်းကောင်း၊ ပင်းတယမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ)ဦးညီလေးချမ်းက “ရှမ်းပြည်နယ်တွင် ဆည်မည်မျှရှိပြီး၊ ရေပေးဝေနိုင်သည့်ဧက၊ ရရှိသည့် အခွန်အခ၊ လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်သည့် ဆည်နှင့် ရရှိသည့် အခွန်အခများကို စီမံဆောင်ရွက်ပေးမှု”နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က လည်းကောင်း၊ ရှမ်းပြည်နယ်တွင် ၁၉၄၅ခုနှစ်၊ ရဲအက်ဥပဒေ အာဏာသက်ရောက်ခြင်းရှိ/မရှိနှင့် ပညာပေးဟောပြောပွဲများကို မည်သို့စီမံဆောင်ရွက်ပေးမည်”နှင့် စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးကလည်းကောင်း၊ “ရှမ်းပြည်နယ်အတွင်း ၂၀၁၉-၂၀၂၀ပညာသင်နှစ်၌ ပညာသင်ကြားနေသော မသန်စွမ်းကျောင်းသူ/ ကျောင်းသားများအား ငွေကြေးထောက်ပံ့ခြင်းကို စီမံဆောင်ရွက်ပေးမှု”နှင့် စပ်လျဉ်းသည့်မေးခွန်း အား မေးမြန်းရာ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က လည်းကောင်း အသီးသီးပြန်လည်ဖြေကြားကြသည်။

ထို့နောက် သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက “ရှမ်းပြည်နယ်တွင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးရှိစေရန် ရှမ်းပြည်နယ်အစိုးရအနေဖြင့် စီမံချက်ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက် ပေးရန် တိုက်တွန်းကြောင်း” အဆို တင်သွင်းရာ မူဆယ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ဦးစိုင်းကျော်သိန်းက ထောက်ခံဆွေးနွေးပြီး၊ ယင်းအဆိုအား (၁၇.၁၂.၂၀၁၉)ရက်နေ့တွင် ဆွေးနွေးမည်ဖြစ်ရာ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များရှိပါက ယနေ့ညနေ (၅)နာရီတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာပါသည်။

ဆက်လက်၍ ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီမှ ရှမ်းပြည်နယ် သဘာဝရေထွက်တော၊ ရေထိန်းတော ထိန်းသိမ်းကာကွယ်ရေးဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ လွှတ်တော်သို့ အစီရင်ခံစာဖတ်ကြားတင်ပြပြီး၊ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။

၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆု၊ ပစ္စည်းချီးမြှင့်အပ်နှင်းခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)အား ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တင်သွင်းရာ ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့်အချက်များကို (၁၆.၁.၂၀၂၀)ရက်နေ့ နောက်ဆုံးထား၍ ရှမ်းပြည်နယ်လွှတ်တော်သို့ တင်သွင်းနိုင်ကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ကြေညာပါသည်။

ထို့နောက် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (ပထမနေ့)ကို (၁၄:၄၅)နာရီအချိန်တွင် ပြီးမြောက်ကြောင်း ကြေညာပြီး (ဒုတိယနေ့)ကို ဒီဇင်ဘာလ (၁၇)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ဆက်လက်ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပါသည်။

Leave a reply