Tuesday, October 13

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကျင်းပ

0
26

 

တောင်ကြီး ဒီဇင်ဘာ ၁၇

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကို ဒီဇင်ဘာလ(၁၇)ရက် (အင်္ဂါနေ့)၊ နံနက် (၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်၊ လေ့လာသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၀)ဦး တို့အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ် လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးတက်ရောက်ခွင့်ရှိသူ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၁၄၀)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ(၁၀)ဦးရှိပြီး အစည်းအဝေးသို့ (၁၃၀)ဦး တက်ရောက်သဖြင့် (၉၂.၈၆)% ရှိသောကြောင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် ဒုတိယနေ့ အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာပါသည်။

၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၁)ဦးက ကြယ်ပွင့်ပြမေးခွန်း(၁၃)ခု မေးမြန်းရာ ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က “ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့၊ တော့ဆန်-မင်းကုန်းလမ်း အရှည်(၆)မိုင်ခန့်အား ကျောက်လမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ”နှင့် စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးကလည်းကောင်း၊ မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံက “မိုင်းကိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအဆောက်အအုံ၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်းများနှင့် ဆရာ/ဆရာမများ လိုအပ်နေသည့်ကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ”နှင့် စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက လည်းကောင်း၊ ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ)ဦးညီလေးချမ်းက “မူဆယ်နှင့် နမ့်ခမ်းမြို့နယ်များတွင် ၂၀၁၆ခုနှစ်မှ ယနေ့ထိ ဂျုံ၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အခြားသီးနှံများ စိုက်ပျိုးထွက်ရှိမှု၊ ထွက်ကုန်များကို စီမံဆောင်ရွက်နေမှုနှင့် အခွန်ငွေရရှိမှု”နှင့် စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက လည်းကောင်း၊ “ပြည်တွင်းနှင့် နိုင်ငံခြားသား ခရီးသွားများ ဟဲဟိုးလေဆိပ်မှ ပင်းတယနှင့် ဘော်ဆိုင်းမြို့များသို့ အချိန်တိုအတွင်း သွားလာနိုင်ရန် အတွက် ကျောက်ချောလမ်း သို့မဟုတ် ကတ္တရာလမ်း ပြုလုပ်ပေးရန် မည်သို့စီမံဆောင်ရွက်ပေးမည်” နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက လည်းကောင်း၊ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင်က “ ကျိုင်းတုံမြို့နယ်၊ မိုင်းလန်းကျေးရွာအုပ်စု၊ အခြေခံပညာမူလတန်း(လွန်) ကျောင်း (ဝမ်ငုတ်)တွင် စာသင်ခုံများ၊ အိမ်သာနှင့် သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာ ရရှိရေးအတွက် စီမံဆောင်ရွက်ပေးမှု”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းက လည်းကောင်း၊ လင်းခေးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်မျိုးကျော်က “ရင်းနှီးမြှုပ်နှံသူများအတွက် အဟန့်အတား ဖြစ်နေသည့် မြေအသုံးချမှုပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် မြေယာဘဏ်(Land Bank) အစီအစဉ်”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စီမံကိန်းရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်ကလည်းကောင်း၊ ရွာငံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစဝ်အောင်မြတ်(ခ)ဦးအောင်မြတ်က “ တောင်ကြီးမြို့နယ်၊ ကျောက်နီကျေးရွာ အုပ်စု၊ သရက်ပင်လှ ကျေးရွာနှင့် ဘော်ဆိုင်းလမ်းမကြီးအထိ ဒေသကုန်ထုတ်လမ်း(၃)မိုင်အား ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က လည်းကောင်း၊ မိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဆန်းဝင်းအောင်(ခ)ဦးအောင်အောင်က “ ရှမ်းပြည်နယ် အတွင်းရှိ တရားမဝင် ဝင်ရောက်နေထိုင်နေသည့် တရုတ်နိုင်ငံသားများ”၊ “ပြည်နယ်အတွင်း လောင်းကစားဝိုင်းများ လျော့နည်းပပျောက်စေရေးအတွက် မြို့နယ်များအလိုက် လောင်းကစားဝိုင်း များ ဖွင့်လှစ်လျက်ရှိသူများကို အမြန်ဆုံးအရေးယူပေးရန် အစီအစဉ်ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက လည်းကောင်း၊ ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက “ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေများနှင့် ပတ်သက်၍ လုပ်ငန်းစီမံကိန်းများ လျာထားခြင်း၊ ခွင့်ပြုပေးခြင်းနှင့် မည်သို့ဆောင်ရွက်နေသည်”နှင့် စပ်လျဉ်း သည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က လည်းကောင်း၊ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးမျိုးမင်းထွန်းက “ တောင်ကြီး-မိတ္ထီလာ ပြည်ထောင်စုလမ်းမကြီးနှင့် တောင်ကြီး-အေးသာယာစက်မှုဇုန်သွား လမ်းဆုံတွင် သုံးဖက်မြင်မီးပွိုင့် (၁)ခု (သို့မဟုတ်) လမ်းအမှတ်အသားများပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက လည်းကောင်း၊ မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းဝင်းက “ မိုင်းဆတ်မြို့နယ်ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး လမ်းထောင့် မှ အမှတ်(၁) အထက်တန်း ကျောင်း လမ်းဆုံထိနှင့် ဈေးအနောက်ဘက် မိုင်းဆတ်တောင်တန်း ကားဂိတ်မှ လေယာဉ်ကွင်းထိ လမ်းသွယ်နှစ်ခုအား ကျောက်ချောလမ်း/ ကွန်ကရစ်လမ်း/ ကတ္တရာလမ်းအဖြစ် ဖောက်လုပ်ပေးနိုင် ခြင်း ရှိ/မရှိ ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းကလည်းကောင်း၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက “ကျေးလက်ဒေသဖွံ့ဖြိုးရေး နယ်မြေနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးနယ်မြေများ၏ ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ နတလရန်ပုံငွေကို ကျေးလက်ဒေသဖွံ့ဖြိုးရေးနယ်မြေကဲ့သို့ ခွဲဝေချထားပေးရန် အစီအစဉ်ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်က လည်းကောင်း၊ အသီးသီးပြန်လည်ဖြေကြားကြသည်။

ထို့နောက် ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ) ဦးညီလေးချမ်း အရေးကြီးအဆို တင်သွင်းရာ တာချီလိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်နှင့် ဟိုပန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်ကျော်တို့က ထောက်ခံဆွေးနွေးပြီး၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌက ကန့်ကွက်ဆွေးနွေးပြီး လောက်ကိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းထွဋ်က ဆွေးနွေးပြီးနောက် ရှမ်းပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ရှမ်းပြည်နယ်လွှတ်တော်က မှတ်တမ်းတင်ကြောင်းကြေညာပါသည်။

ယင်းနောက် သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက “ရှမ်းပြည်နယ်တွင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာ ရေးနှင့် လုံခြုံရေးရှိစေရန် ရှမ်းပြည်နယ်အစိုးရအနေဖြင့် စီမံချက်ချမှတ်၍ အကောင်အထည် ဖော် ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း” အဆိုကို သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးနှင့် နမ့်ဆန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဏ်းတို့က ထောက်ခံဆွေးနွေးကြပြီး မိုင်းတုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဆန်းဝင်းအောင်က အကြံပြု ဆွေးနွေးပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက အတည်ပြုပေးပါရန် ဆွေးနွေးတင်ပြသဖြင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူထားသည့် အတိုင်း အတည်ပြုကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

၎င်းနောက် ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ) ဦးညီလေးချမ်း က “ပြည်နယ်အဆင့်တင်ဒါကော်မတီ၊ ကြမ်းခင်းဈေးတွက်ချက်ရေး ကော်မတီ၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ၊ အရည်အသွေးစစ်ဆေးရေးနှင့် လက်ခံရေး ကော်မတီများတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကို ထည့်သွင်းပေးရန် တိုက်တွန်း ကြောင်း” အဆိုကိုတင်သွင်းရာ ညောင်ရွှေမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်မိုးက ထောက်ခံဆွေးနွေးပြီး၊ ယင်းအဆိုအား ဒီဇင်ဘာလ ၁၈ ရက် ဗုဒ္ဓဟူးနေ့တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ဆွေးနွေးလိုသည့်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များရှိပါက ယနေ့ညနေ (၅)နာရီ နောက်ဆုံးထား၍ လွှတ်တော်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း ပေးသွင်းနိုင်ကြောင်း ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ထို့နောက် ဥပဒေပြုရေးဆိုင်ရာကော်မတီမှ ရှမ်းပြည်နယ် လမ်းများ၊ တံတားများဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်း၍ လွှတ်တော်သို့ အစီရင်ခံစာအား ဥပဒေပြုရေး ဆိုင်ရာ ကော်မတီအဖွဲ့ ဝင် ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်ကလွှတ်တော်သို့ ဖတ်ကြားတင်ပြပြီး၊ လွှတ်တော်၏အဆုံးအဖြတ်ရယူရာ လွှတ်တော် ကသဘောတူကြောင်း ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ကြေညာသည်။

ထို့နောက် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (ဒုတိယနေ့)ကို မွန်းလွဲ(၂း၄၅)နာရီအချိန်တွင် ပြီးမြောက်ကြောင်း ကြေညာပြီး (တတိယနေ့)ကို ဒီဇင်ဘာလ (၁၈)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ဆက်လက်ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပါသည်။

Leave a reply