Saturday, August 8

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၇ )ကြိမ်မြောက် ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကျင်းပ

0
25

တောင်ကြီး ဒီဇင်ဘာ ၁၉

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ကို ဒီဇင်ဘာလ(၁၉)ရက် (ကြာသပတေးနေ့)၊ နံနက် (၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၈)ဦး တို့အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ် လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးတက်ရောက်ခွင့်ရှိသူ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၁၄၀)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ(၁၈)ဦးရှိပြီး အစည်းအဝေးသို့ (၁၂၂)ဦး တက်ရောက်သဖြင့် (၈၇.၁၄)% ရှိသောကြောင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် တတိယနေ့ အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာပါသည်။

၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၀)ဦးက ကြယ်ပွင့်ပြမေးခွန်း(၁၀)ခု မေးမြန်းရာ ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက “ ကျိုင်းတုံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ သစ်တစ်ပင်တောင်ကုန်းအတက် ကတ္တရာလမ်းအား နိုင်လွန်ကတ္တရာ(AC) လမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက လည်းကောင်း၊ သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးက “ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၌ တိုင်းရင်းသားဘာသာစာပေသင်ကြားသော ဆရာများ၏ ထောက်ပံ့ကြေး”နှင့် စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ဗမာတိုင်းရင်းသား လူမျိုးရေးဝန်ကြီး ဒေါက်တာအောင်သန်းမောင်က လည်းကောင်း၊ မိုင်းယန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက “မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာ အုပ်စု၊ ဝမ်တောင်းကျေးရွာ အတွက် ကုန်းမြင့်လယ်ယာ (၉၅)ဧက ဖော်ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က လည်းကောင်း၊ တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဗိုလ်ကြီးလွှမ်းမိုးအောင်က “ ရပ်စောက်မြို့နယ်၊ ပါမဲကျေးရွာအုပ်စု၊ (၁၁)မိုင်ကျေးရွာ တွင် ဆက်သွယ်ရေး ဖုန်းလိုင်းများမရှိ၍ ဆက်သွယ်ရေးတာဝါတိုင်တစ်ခုအား အစိုးရအစီအစဉ်ဖြင့် စိုက်ထူဖွင့်လှစ်ပေးနိုင်မည့် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးကလည်းကောင်း၊ လင်းခေးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်မျိုးကျော်က “၂၀၂၀ပြည့်နှစ်၊ နွေရာသီကာလ၌ ရှမ်းပြည်နယ်အတွင်းရှိမြို့များတွင် လျှပ်စစ်ဓာတ်အားအချိန်မှန်မှန်ရရှိရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှု” နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက လည်းကောင်း၊ မိုင်းရှူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းကောင်ခမ်းက “မိုင်းရှူးမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ရုံးအဆောက်အအုံသစ် အား မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုပါသည်”နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော် က လည်းကောင်း၊ တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသက်ပိုင်ထွန်းက “ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများ စားသုံးဆီကို ကျန်းမာရေးနှင့်ညီညွတ်ပြီး လုံခြုံစိတ်ချဘေးကင်းစွာ စားသုံးနိုင်ရေးနှင့် ယုံကြည်မှုပိုမိုမြင့်တက်လာနိုင်ရေး စီမံဆောင်ရွက် ပေးမှု”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက လည်းကောင်း၊ မိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဆန်းဝင်းအောင်(ခ)ဦးအောင်အောင်က “မိုင်းတုံမြို့နယ်၊ နားကောင်းမှူးကျေးရွာပတ်ဝန်းကျင်နှင့် တာချီလိတ်မြို့ အတွင်းရှိ ကာရာအိုကေဆိုင်များအား တရားဝင်ဖွင့်လှစ် ခွင့်ပြုထားခြင်း ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက လည်းကောင်း၊ မိုးနဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမျိုးမြင့် က “ရှမ်းပြည်နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးများတွင် မီတာရက်လွန်ကြေး ကောက်ခံ နေသည့်ကိစ္စ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက လည်းကောင်း၊ သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက “ ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် လားရှိုးမြို့နယ်ရှိ စိုင်းအောင်ဘုန်းမြတ်ကုမ္ပဏီနှင့် တန့်ယန်းမြို့နယ်ရှိ ရတနာရှမ်းမြို့ကုမ္ပဏီတို့မှ တာဝန်ယူဆောင်ရွက်နေသည့်လုပ်ငန်းများ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက လည်းကောင်း၊ အသီးသီးပြန်လည်ဖြေကြား ကြသည်။

ဆက်လက်၍ ဥပဒေပြုရေးဆိုင်ရာကော်မတီက အင်းလေးကန်ဒေသထိန်းသိမ်းကာကွယ်ရေး ဥပဒေ(မူကြမ်း) နှင့်စပ်လျဉ်း၍ လွှတ်တော်သို့ အစီရင်ခံစာအား ဥပဒေပြုရေးဆိုင်ရာ ကော်မတီ အဖွဲ့ဝင် ကွန်ဟိန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအောင်ကျော်ဦးက လွှတ်တော်သို့ ဖတ်ကြားတင်ပြပြီး လွှတ်တော်၏အဆုံးအဖြတ် ရယူရာ လွှတ်တော်ကသဘောတူသည့်အတွက် လွှတ်တော်က ဆုံးဖြတ်ထားသည့်အတိုင်း အတည်ပြု ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

၎င်းနောက် ရှမ်းပြည်နယ်လွှတ်တော် ရှမ်းပြည်နယ်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအတွင်းရေးမှူး မိုးမိတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ဒေါ်ရီရီဝင်းက ကော်မတီ၏ အစီရင်ခံစာကို ရှမ်းပြည်နယ်လွှတ်တော်သို့ အစီရင်ခံစာ ဖတ်ကြား တင်ပြခဲ့ပြီး လွှတ်တော်မှ မှတ်တမ်းတင်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာသည်။

ထို့နောက် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (စတုတ္ထနေ့)ကို မွန်းလွဲ (၁း၅၅)နာရီအချိန်တွင် ပြီးမြောက်ကြောင်း ကြေညာပြီး (ပဉ္စမနေ့)ကို ဒီဇင်ဘာလ (၂၀)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ဆက်လက်ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပါသည်။

Leave a reply