Sunday, June 7

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၈ )ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့)ကျင်းပ

0
34

တောင်ကြီး ဖေဖော်ဝါရီ ၁၇

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၈) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပထမနေ့) ကို ယနေ့ဖေဖော်ဝါရီလ(၁၇)ရက် (တနင်္လာနေ့)၊ နံနက် (၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ် လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၄)ဦး တို့အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ် လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသည့် တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးဆန်းလင်းထွန်း က ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးပါသည်။ ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းဝေးတက်ရောက်ခွင့် ရှိသူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၄၀)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ(၁၄)ဦး ရှိပြီး အစည်းအဝေးသို့ (၁၂၆)ဦး တက်ရောက်သဖြင့် (၉၀)% ရှိသောကြောင့် အစည်းအဝေး အထမြောက် ကြောင်းနှင့် ပထမနေ့ အစည်းအဝေးစတင် ကျင်းပကြောင်း ကြေညာပါသည်။ ထို့နောက် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က နှုတ်ခွန်းဆက် စကားပြောကြားပါသည်။

၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၀)ဦးက ကြယ်ပွင့်ပြမေးခွန်း(၁၂)ခု မေးမြန်းရာ မဘိမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညို က “ မဘိမ်းမြို့နယ်၊ မဘိမ်းမြို့ရှိ ကြိုးဖုန်းများအား ကောင်းမွန်အောင် ပြန်လည်တပ်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိ” နှင့် စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေးက လည်းကောင်း၊ မိုင်းပျဉ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလှဝင်းက “ မိုင်းပျဉ်းမြို့နယ်၊ နမ့်ရှိုကျေးရွာအုပ်စု၊ နမ့်ရှိုကျေးရွာရှိ အ.မ.က (မူလွန်)ကျောင်းတွင် ကျောင်းဆောင်သစ်ဆောက်လုပ်ခွင့်ပြုပေးရန် အစီအစဉ်ရှိ/ မရှိ” နှင့် စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက လည်းကောင်း၊ ရွာငံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစဝ်အောင်မြတ်က “ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာအုပ်စု၊ မင်းတိုင်ပင်ကျေးရွာရှိ မင်းတိုင်ပင် ရေလွှဲဆည်၏ တည်ဆောက်ပြီးစီးမှု အခြေအနေနှင့် ရေလွှဲဆည် ရေရှည်တည်တံ့ရန် အတွက် ပြုပြင် ထိန်းသိမ်းခြင်းအား မည်သို့စီမံဆောင်ရွက်ထားသည်”နှင့် စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က လည်းကောင်း၊ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးအောင်သူခိုင်က “လားရှိုးမြို့နှင့် (၅)မိုင် အကွာ ဆုံကွယ်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၊ ဆုံကွယ်(စစ်မှုထမ်းဟောင်း) ကျောင်း၌ (၂)ခန်းတွဲ ရေလောင်းအိမ်သာ(၂)လုံးနှင့် အဝီစိတွင်း(၁)တွင်း ဆောင်ရွက်ပေးရန်”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က လည်းကောင်း၊ မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်က “မိုင်းကိုင်မြို့နယ်အတွင်းရှိ ပန်မိုက်ဟုန်း၊ ပန်မိုက်စုံ၊ ဟိုနား၊ ဝိင်းငင်းခမ်းနားနှင့် ဖောင်းမိန်းကျေးရွာ များတွင် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဂျာမနီနိုင်ငံ၊ KFW ချေးငွေဖြင့် စီမံကိန်းလုပ်ငန်းများ မည်သည့်အချိန်တွင် စတင်ဆောင်ရွက်မည်”နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးခွန်ရဲထွေးကလည်းကောင်း၊“မိုင်းကိုင်မြို့၏ အနောက်မြို့ပတ်လမ်း (စဝ်စံထွန်းလမ်း)နှင့် အရှေ့မြို့ပတ်လမ်း(အောင်မြတ်လမ်း)တို့အား ကတ္တရာလမ်း ခင်းပေးရန်”နှင့် စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက လည်းကောင်း၊ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးပြည့်ဖြိုးအောင်က “မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းနှင့် နမ့်ဟူးခွန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ စာသင်ဆောင်အား ပြန်လည်ပြုပြင်ပေးရန် (သို့မဟုတ်) ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန်၊ စာသင်ကြားမှု အထောက်အကူပစ္စည်းများ အား ကူညီဖြည့်ဆည်းပေးမည့် အစီအစဉ်ရှိ/ မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က လည်းကောင်း၊ ပင်းတယမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ)ဦးညီလေးချမ်းက “ ကြက်သားတွင် ဆဲလ်မိုနဲလားပိုး တွေ့ရှိရသည့်အတွက် ရှမ်းပြည်နယ်အတွင်း ပညာပေးဟောပြောပွဲများနှင့် ကြိုတင် ကာကွယ်တားဆီးရေးအတွက် စီမံဆောင်ရွက်ပေးမှု”နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော် က လည်းကောင်း၊ မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံက “ကုန်တင်ယာဉ်ကြီးများကို မိုင်းကိုင်မြို့အတွင်း ဖြတ်သန်းမောင်းနှင်စေခြင်းမပြုဘဲ ရှောင်ကွင်း၍ မောင်းနှင်စေရန် မြို့ရှောင်လမ်းဖောက်လုပ်ပေးမည့် အစီအစဉ် ရှိ/ မရှိ”နှင့် “ မိုင်းကိုင်မြို့နယ်၊ အရှေ့နှင့် အနောက်ဘက်ခြမ်းတို့တွင် တယ်လီဖုန်းတာဝါတိုင်များ တပ်ဆင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းများအားမေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေးက လည်းကောင်း၊ လွိုင်လင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်က “ လွိုင်လင်မြို့နယ်အတွင်းရှိ အ.မ.က(ခွဲ) ကျောက်တန်းနှင့် ကျိုင်းခမ်းအား မူလတန်းအဆင့်တိုးမြှင့်ပြီး ကျောင်း(၆)ကျောင်းတွင် ကျောင်းဆောင်သစ်များ တည်ဆောက်ပေးနိုင်ရန်အတွက် မည်သို့ဆောင်ရွက်ပေးမည်”နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းကလည်းကောင်း၊ နမ့်ဆန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဏ်းက “ရှမ်းပြည်နယ်အတွင်း ဓာတ်သတ္တုစမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာရေးလုပ်ငန်းဆောင်ရွက်ခွင့် လျှောက်ထားရာတွင် ဖြေလျော့ခွင့်ပြုပေးရန် အစီအစဉ် ရှိ/ မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး
ဒေါက်တာညီညီအောင်က လည်းကောင်း အသီးသီးပြန်လည်ဖြေကြားကြသည်။

၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်(ခ)ဦးစိုးကြီးက ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန/ အဖွဲ့အစည်းများ၏ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်းအား ရှမ်းပြည်နယ်လွှတ်တော်သို့ တင်သွင်းခဲ့ပြီး အဆိုပါဖြည့်စွက်ခွင့်ပြုငွေစာရင်းအား(၂၀.၂.၂၀၂၀)ရက်နေ့တွင် ပြည်နယ်လွှတ်တော်၌ ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက ယနေ့ညနေ(၅)နာရီ နောက်ဆုံးထား၍ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးသွင်း နိုင်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

ထို့နောက် ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ)ဦးညီလေးချမ်းက “ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ပလပ်စတစ်အိတ် သုံးစွဲခြင်းကို လျော့ချရေးအတွက် ပညာပေးဟောပြောပွဲများ ပြုလုပ်ပေးရန်နှင့် ပလပ်စတစ်အိတ် သုံးစွဲမှု ကင်းမဲ့ဇုန်များကို စီမံချက်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း” အဆို တင်သွင်းရာ မဘိမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ဦးမောင်ညို က ထောက်ခံဆွေးနွေးပြီး ၎င်းအဆိုကို လက်ခံဆွေးနွေးရန် သင့်/ မသင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုကို (၁၈.၂.၂၀၂၀)ရက်နေ့တွင် ဆွေးနွေးမည် ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များရှိပါက ယနေ့ညနေ (၅)နာရီနောက်ဆုံးထား၍ ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာပါသည်။

ထို့နောက် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (ပထမနေ့)ကို (၁၁:၅၀)နာရီအချိန်တွင် ပြီးမြောက်ကြောင်း ကြေညာပြီး (ဒုတိယနေ့)ကို ဖေဖော်ဝါရီလ (၁၈)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ဆက်လက်ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပါ သည်။

 

Leave a reply