Monday, March 30

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကျင်းပ

0
2

တောင်ကြီး ဖေဖော်ဝါရီ ၁၈

 

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၈) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကို ယနေ့ဖေဖော်ဝါရီလ(၁၈)ရက် (အင်္ဂါနေ့)၊ နံနက် (၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၇)ဦးတို့အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ် လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းဝေးတက်ရောက်ခွင့်ရှိသူ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၁၄၀)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ(၁၇)ဦး ရှိပြီး အစည်းအဝေးသို့ (၁၂၃)ဦး တက်ရောက်သဖြင့် (၈၇.၈၆)% ရှိသောကြောင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် ဒုတိယနေ့ အစည်းအဝေးစတင် ကျင်းပကြောင်း ကြေညာပါသည်။

၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၁)ဦးက ကြယ်ပွင့်ပြမေးခွန်း(၁၃)ခု မေးမြန်းရာ နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင် က “နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင်းကျေးရွာအုပ်စု၊ လွယ်လောင်ကျေးရွာရှိ မူလတန်းကျောင်းတွင် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း “နမ့်ခမ်း မြို့နယ်၊ ဟင်လုံကျေးရွာအုပ်စု၊ မန်ကန်ကျေးရွာတွင် လိုအပ်လျက်ရှိသော ပညာရေးဝန်ထမ်းနှင့် အခြေခံပညာမူလတန်းကျောင်း ဖွင့်လှစ်နိုင်ရေး မည်ကဲ့သို့ စီမံဆောင်ရွက်ပေးမည်”နှင့် စပ်လျဉ်း သည့်မေးခွန်းများအားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက လည်းကောင်း၊ ရပ်စောက်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်က “ရပ်စောက်မြို့၏ မြို့ရှောင်လမ်းအဖြစ် အသုံးပြုမည့် သီတာလမ်းတွင် ပေ(၁၀၀၀)ခန့်သာရှိသော မြေထိန်းနံရံအား ပြိုကျပျက်စီးမှုမှ ကာကွယ်ရန် ဦးစားပေး လျာထားဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးကလည်းကောင်း၊ ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာဝဏ္ဏစိုးက “ကျိုင်းတုံမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ နောင်ခမ်းကန်ပတ်လမ်း ကွန်ကရစ်ခင်းခြင်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ သီးခြားရန်ပုံငွေဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းကလည်းကောင်း၊ “ကျိုင်းတုံမြို့နယ်၊ နမ့်နီ/ နမ့်လုံကျေးရွာအုပ်စုနှင့် ကျိုင်းတုံ- တာချီလိတ်သွားလမ်းမကြီးအထိ ဆက်သွယ်ထားသော ကျေးရွာချင်းဆက် မြေသားလမ်း(၈)မိုင်အား ကျောက်ချောလမ်းခင်းပေးရန်နှင့် (၁၆၀ x ၁၅)ပေ ချောင်းကူးသစ်သားတံတား(၁)စင်းအား (RC)ကွန် ကရစ်တံတားအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးကလည်းကောင်း၊ အသီးသီးပြန်လည်ဖြေကြားကြသည်။ ထို့နောက် မိုင်းဖြတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအားကိုက “ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကတိကဝတ်ပြုခဲ့သော စီမံကိန်းလုပ်ငန်းများကို ကုစားပေးရန်နှင့် လွှတ်တော်မေးခွန်းဖြင့် ကတိပြုခဲ့သော စီမံကိန်းလုပ်ငန်း များကို ဦးစားပေး ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဦးခွန်ရဲထွေးနှင့် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်တို့ကလည်းကောင်း၊ ကွန်ဟိန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ကျော်ဦးက “ကွန်ဟိန်းမြို့နယ်အတွင်း အခြေခံ ပညာဦးစီးဌာန လက်အောက်ရှိအမည်ပေါက်နှင့် တည်နေရာကွဲလွဲမှုဖြစ်နေသည့် ကျောင်းများ အတွက် စီမံဆောင်ရွက်ထားရှိမှု”နှင့် စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းရာ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းက လည်းကောင်း၊ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးလှိုင်းထွန်းအောင်က “ ကျိုင်းတုံ – တောင်ကြီးလမ်းမှ နောင်ကုန် – မိုင်းလန်း – ကမ္ဘာအေးဘုရားသွားကတ္တရာလမ်းအား ပြန်လည်ပြုပြင်နိုင်ရေး မည်သို့စီမံဆောင်ရွက်ပေးမည်”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက လည်းကောင်း၊ မဘိမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုက “မဘိမ်းမြို့နယ်၊ ကုန်းမခံအုပ်စုအတွင်းရှိ ကုန်းမခံကန် ရေသွယ်မြောင်း ပြန်လည် တူးဖော်ပေးရန်၊ ကန်အတွင်း စနယ်များဆယ်ပေးရန်နှင့် ရေထုတ်ပြွန်ပြင်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးစိုင်းလုံကျော်ကလည်းကောင်း အသီးသီးပြန်လည်ဖြေကြားကြသည်။

ယင်းနောက် မိုင်းပျဉ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှဝင်းက “ မိုင်းပျဉ်းမြို့နယ်၊ ပန်ဝိုင်ကျေးရွာအုပ်စု၊ ဝမ်ကောင်း(၁)ကျေးရွာ အ.မ.ကရှိ ကျောင်းဆောင်ဟောင်းအား ကျောင်းဆောင်သစ်ခွင့်ပြု ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက လည်းကောင်း၊ ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က “ယခင်အစိုးရကာလ မြို့နယ်စည်ပင်သာယာရေးဌာနများမှ စည်ပင်သာယာ ရေးဘဏ်တွင် မြို့နယ်အလိုက် ထည့်ဝင်ငွေများ”နှင့် စပ်လျဉ်းသည့် မေးခွန်းများအားမေးမြန်းရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းကလည်းကောင်း၊ ပင်းတယမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ) ဦးညီလေးချမ်းက “ရှမ်းပြည်နယ်တွင် လေယာဉ်ကွင်း(လေဆိပ်)နှင့် ပုဂ္ဂလိကပိုင်/ကုမ္ပဏီပိုင် လေယာဉ် မည်မျှရှိပြီး လေယာဉ်ကွင်း အသုံးပြုခရရှိမှု”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေးကလည်းကောင်း၊ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးပြည့်ဖြိုးအောင်က “မိုင်းတုံမြို့နယ်၊ နမ့်ဟူးခွန်ကျေးရွာရှိ ဒေသခံပြည်သူများ သောက်သုံးရေ ရရှိရေးအတွက် (၂)လက်မ ရေပိုက် (၁၃)ပေ (၂၄၃၇)ချောင်းနှင့် ရေသိုလှောင်ကန် (၂၀ x ၁၅ x ၇)ပေ (၁)လုံးအား ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်ကလည်းကောင်း အသီးသီး ပြန်လည်ဖြေကြားကြသည်။

ထို့နောက် ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ)ဦးညီလေးချမ်း၏ “ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ပလပ်စတစ်အိတ် သုံးစွဲခြင်းကို လျော့ချရေးအတွက် ပညာပေးဟောပြောပွဲများ ပြုလုပ်ပေးရန်နှင့် ပလပ်စတစ်အိတ် သုံးစွဲမှုကင်းမဲ့ဇုန်များကို စီမံချက်များချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် တိုက်တွန်း ကြောင်း” အဆိုကို ရပ်စောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်၊ ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးနှင့် မဘိမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းမင်းသိန်းတို့က အသီးသီးထောက်ခံဆွေးနွေးကြပြီး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက ရှင်းလင်းဆွေးနွေးပြီး အတည်ပြုပေးပါရန် လွှတ်တော်၏အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုကိုအတည်ပြုကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ဆက်လက်၍ ဥပဒေပြုရေးဆိုင်ရာကော်မတီအဖွဲ့ဝင် မဘိမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုက ရှမ်းပြည်နယ် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်း ချီးမြှင့်အပ်နှင်းခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်းသည့် ကော်မတီ၏ အစီရင်ခံစာအား လွှတ်တော်သို့ ဖတ်ကြားရှင်းလင်းပြီး ယင်းဥပဒေ (မူကြမ်း)အား အတည်ပြုပေးနိုင်ပါရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အတည်ပြုကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ထို့နောက် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (ဒုတိယနေ့)ကို (၁၂:၁၀)နာရီအချိန်တွင် ပြီးမြောက်ကြောင်းကြေညာပြီး (တတိယနေ့)ကို ဖေဖော်ဝါရီလ (၁၉)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ဆက်လက် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

Leave a reply