Thursday, October 1

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(တတိယနေ့)ကျင်းပ

0
55

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၈) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့)ကို ယနေ့ဖေဖော်ဝါရီလ(၁၉)ရက် (ဗုဒ္ဓဟူးနေ့)၊ နံနက် (၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၇)ဦးတို့အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ် လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းဝေးတက်ရောက်ခွင့်ရှိသူ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၁၄၀)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ(၁၇)ဦး ရှိပြီး အစည်းအဝေးသို့ (၁၂၃)ဦး တက်ရောက်သဖြင့် (၈၇.၈၆)% ရှိသောကြောင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် တတိယနေ့ အစည်းအဝေးစတင် ကျင်းပကြောင်း ကြေညာပါသည်။

၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၂)ဦးက ကြယ်ပွင့်ပြမေးခွန်း(၁၃)ခု မေးမြန်းရာ မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်က “မိုင်းကိုင်မြို့နယ်တွင် ဘောလုံးပွဲကြည့်စင် (၃၀x၁၀၀)ပေနှင့် အားကစားလေ့ကျင့်ရေးရုံ (၁၀၀x၁၅၀)ပေတို့အား ဆောက်လုပ်ပေးရေး”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက လည်းကောင်း၊ နမ့်ဆန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဏ်းက “နမ့်ဆန်မြို့ရှိ မြို့နယ်ရဲတပ်ဖွဲ့စခန်းရုံး အဆောက်အအုံအား အသစ်ပြန်လည် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးကလည်းကောင်း၊ ကလောမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထိုက်က “ ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံး၏ ၂၀၁၈ခုနှစ်အတွင်း ဌာန/ အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ အပိုဒ်(၄၃)အရ ပေးသွင်းရန် ကျန်ရှိသည့် ဓာတ်အားအသုံးပြုခများနှင့် ပတ်သက်၍ မည်ကဲ့သို့ဆောင်ရွက်ထားသည်”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက လည်းကောင်း၊ လားရှိုးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူက “ လားရှိုးမြို့ဘူတာလမ်းတစ်လျှောက် ယာဉ်မတော်တဆမှုဖြစ်ပွားတတ်သည့် ပါရမီလမ်းဆုံနေရာတွင် အချက်ပြမီးပွိုင့်များ တပ်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နပ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက လည်းကောင်း၊ ” လားရှိုးမြို့၊ မြို့ရှောင်လမ်း၌ ယာဉ်မတော်တဆမှု အများဆုံးဖြစ်ပွားတတ်သည့် နေရာများတွင် လမ်းညွှန်ရောင်ပြန် အမှတ်အသားများ၊ အရှိန်ထိန်းအတားအဆီးများ၊ လမ်းဘေး ဝဲ/ယာ အတားအဆီးများ ပြုလုပ်ပေးရန် အစီအစဉ်ရှိ/ မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးခွန်ရဲထွေး ကလည်းကောင်း၊ ဖယ်ခုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေရီနျို့က “ ဖယ်ခုံမြို့နယ်ရှိ အ.မ.က(၁၃) မိုးဗြဲ၊ အ.မ.က-တောင်တန်းနှင့် မူလွန်-အုံတိုင်းတွင် ကျောင်းဆောင်သစ်များ ဆောက်လုပ်ရာ၌ တင်ဒါစည်းမျဉ်းစည်ကမ်းများနှင့် အညီ ဆောင်ရွက်မှုမရှိသော ကုမ္ပဏီများ”နှင့် စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းရာ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံကလည်းကောင်း၊ ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက “ကျိုင်းတုံမြို့နယ်၊ ပန်ကြူ၊ နမ့်ခတ်နှင့် မိုင်းအင်းကျေးရွာ အုပ်စုသို့ သွားသည့် မြေသားလမ်း(၁၉/၀)မိုင်နှင့် (၁၅)ပေ ကွန်ကရစ်တံတား(၁)စင်း၊ (၅)ပေ Box Culvert (၁၈)စင်း၊ (၈)ပေ Box Culvert (၂)စင်းနှင့် (၁၀)ပေ Box Culvert (၂)စင်း ဆောင်ရွက် ပေးနိုင်ခြင်း ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးလှဦးကလည်းကောင်း၊ လွိုင်လင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်က “လွိုင်လင်မြို့နယ်၊ ပန်ဝိုးကျေးရွာအုပ်စု၊ ပန်ဝိုး၊ ဝါးတောကျေးရွာနှင့် လွိုင်လင်မြို့နေ ဒေသခံပြည်သူများအတွက် ပန်ဝိုးရေထွက် နုန်းတားတမံများ ကာရံခြင်းနှင့် သဲနုန်းပြန်လည်တူးဖော်ဆယ်ယူခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်ကလည်းကောင်း၊ ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ)ဦးညီလေးချမ်းက “တရုတ်နိုင်ငံနှင့် ဆက်စပ်လျက် ရှိသော ရှမ်းပြည်နယ်အတွင်းတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှု ရှိ/မရှိနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ စီမံဆောင်ရွက်ထားမှု”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းကလည်းကောင်း၊ ရပ်စောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ် လွတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်က “ရပ်စောက်မြို့နယ်၊ အင်းခေါင်းဘုန်းကြီးကျောင်း ဆောက်လုပ်ရာတွင် ကျန်ရှိနေသည့်လုပ်ငန်း(၂၅%) ခန့်အတွက် လိုအပ်သောရန်ပုံငွေကို ထည့်သွင်း လျာထားဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးကလည်းကောင်း၊ မိုင်းပျဉ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှဝင်းက “ရှမ်းပြည်နယ်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဆောင်ရွက်ပေးနေမှု အခြေအနေများ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်း ရာ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံကလည်းကောင်း၊ ရွာငံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းစိုးက “ရွာငံမြို့နယ်အတွင်းရှိ ပလောင်တိုင်းရင်းသားများနေထိုင်သော ပဒုံးကိုင်းနှင့် ဆပ်သေကျေးရွာတို့အား ကျန်းမာရေးဌာနခွဲ Sub Center ခွဲဝေချထားရန် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းကလည်းကောင်း၊ တပ်မတော်သားပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးညီညီမင်းက “ပင်လောင်းမြို့နယ် မီးသတ်စခန်းတွင် ဝန်ထမ်း(၅)ဦးနှင့် မီးသတ်ယာဉ်(၁)စီးအား ထပ်မံဖြည့်တင်ပေးရန်နှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ဖြည့်တင်းပေးနိုင်ခြင်း အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးကလည်းကောင်း အသီးသီးပြန်လည် ဖြေကြားကြသည်။

ထို့နောက် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (တတိယနေ့)ကို (၁၁း၃၀)နာရီအချိန်တွင် ပြီးမြောက်ကြောင်းကြေညာပြီး (စတုတ္ထနေ့)ကို ဖေဖော်ဝါရီလ (၂၀)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ် ပါသည်။

Leave a reply