Thursday, May 28

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကျင်းပ

0
35

တောင်ကြီး ဖေဖော်ဝါရီ ၂၀

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၈) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို ယနေ့ဖေဖော်ဝါရီလ(၂၀)ရက် (စတုတ္ထနေ့)၊ နံနက် (၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂၂)ဦးတို့အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ် လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းဝေးတက်ရောက်ခွင့်ရှိသူ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၁၄၀)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ(၂၂)ဦး ရှိပြီး အစည်းအဝေးသို့ (၁၁၈)ဦး တက်ရောက်သဖြင့် (၈၄.၂၉)% ရှိသောကြောင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတုတ္ထနေ့ အစည်းအဝေးစတင် ကျင်းပကြောင်း ကြေညာပါသည်။

၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၉)ဦးက ကြယ်ပွင့်ပြမေးခွန်း(၁၂)ခု မေးမြန်း ရာ နမ့်ဆန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဏ်းက “နမ့်ဆန်မြို့ရှိ တောင်ပိုင်စော်ဘွားကြီး စဝ်ခွန်ပန်းစိန်၏ သမိုင်းဝင်ဟော်နန်းကြီးအား တအာင်း (ပလောင်) စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီထံသို့ ပြန်လည်လွှဲပြောင်းပေးရန် အစီအစဉ် ရှိ/ မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက လည်းကောင်း၊ မိုင်းဖြတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျောက်က “မိုင်းဖြတ်မြို့နယ်အတွင်းရှိ ဝန်ထမ်းများနေထိုင်ရန်အတွက် မြို့ပြအိုးအိမ် အိမ်ရာများ တည်ဆောက်ပေးနိုင်ခြင်း အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးကလည်းကောင်း၊ လွိုင်လင် မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်က“လွိုင်လင်မြို့နယ်၊ ဆင်ခြေဖုန်းကျေးရွာအုပ်စုရှိ လုံအောင်နှင့်ရွှေဥဒေါင်းကျေးရွာချင်းဆက် ကိုယ်ထူကိုယ်ထမြေသားလမ်း (၈)မိုင်ကို စံကိုက်မြေသားလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးကလည်းကောင်း၊ “လွိုင်လင်မြို့နယ်၊ ပန်ဝိုးကျေးရွာအုပ်စု၊ ဝါးတော၊ ပန်ဝိုးကျေးရွာ နှင့် ဆင်ခြေဖုန်းကျေးရွာအုပ်စု၊ ပန်အုံကျေးရွာများ လျှပ်စစ်မီးလင်းရေးအတွက် မည်သို့စီမံ‌ ဆောင်ရွက်ပေးသွားမည်”နှင့် စပ်လျဉ်း သည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက လည်းကောင်း၊ တပ်မတော်သားပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးစိုးသူထွန်းက “ နမ့်စန် မြို့နယ်၊ ခိုလမ်မြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ရှေ့တန်းကင်းစခန်း အတွက် ရုံးအဆောက်အအုံအား ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/ မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်း အားမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နပ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးကလည်းကောင်း အသီးသီးပြန်လည်ဖြေကြားခဲ့သည်။

ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်( ၂ ) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက “၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ကျိုင်းတုံမြို့နယ်၌ One Stop Shop (OSS)ရုံး (၂)ထပ် အဆောက်အဦ ဆောက်လုပ်ခွင့်ချထားပေးရန် အစီအစဉ်ရှိ / မရှိ”၊ မေးခွန်းနှင့် “ယခုအစိုးရသက်တမ်း (၁ – ၄ -၂၀၁၆ )ရက်နေ့မှ ယနေ့အထိ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ အမှုတွဲများ”နှင့်စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းရာ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က လည်းကောင်း၊ ညောင်ရွှေမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်မိုးက “ညောင်ရွှေမြို့နယ်၊ ညောင်ရွှေ-တုံ့ဟိုးစံကား-လွိုင်ကော်လမ်းနှင့် ဆက်သွယ်ထားသော လွယ်မောရွာအဝင်လမ်း ပေပေါင်း(၁၁၈၀၀)ကို ကတ္တရာလမ်းအဖြစ် တိုးမြှင့်ပေးရန်” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက လည်းကောင်း၊ မောက်မယ်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဖွေးဟွမ်ဦးက ” မောက်မယ်မြို့နယ်အတွင်း ဒေသခံပြည်သူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန်နှင့် အခွင့်အရေးများ ဆုံးရှုံးနစ်နာမှုမရှိစေရန် ဌာနအသီးသီးအား မူဝါဒနှင့် အညီ မည်ကဲ့သို့လမ်းညွှန်ဆောင်ရွက်ပေးမည်”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံကလည်းကောင်း အသီးသီးပြန်လည်ဖြေကြား ကြသည်။

ထို့နောက် တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးလင်းကျော်ခိုင်က “ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံတကာ ဆက်သွယ်ရေးလမ်းမကြီး (AH2)အဖြစ် သတ်မှတ်ထားရှိသော မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ- တာချီလိတ်လမ်းမကြီး နယ်နိမိတ်အတွင်း အခိုင်အမာဆောက်အအုံ များ ဆောက်လုပ်ခြင်း၊ ခြံစည်းရိုးကာရံခြင်းများမရှိစေရေးအတွက် မည်ကဲ့သို့စီမံဆောင်ရွက် သွားမည်”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးကလည်းကောင်း၊ ကွတ်ခိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွတ်တော် ကိုယ်စားလှယ် ဦးအိုက်မွန်းက “ကွတ်ခိုင်မြို့နယ်၊ ယုံးမောကျေးရွာအုပ်စု၊ ယုံးမောကျေးရွာမှ နမ့်နင်းချောင်းကူးတံတားသွားလမ်း အရှည်(၄)မိုင်နှင့် အဆိုပါ တံတားမှ ဒွန်းတောင်ကျေးရွာ-မန်ပြိန်းလုံကျေးရွာ-တာမိုးညဲမြို့သို့ ဆက်သွယ်ထားသည့် လမ်းအရှည် (၈)မိုင်၊ စုစုပေါင်း(၁၂)မိုင်ကို မြေသားလမ်းဖောက်လုပ်ပေးမည့် အစီအစဉ် ရှိ/ မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးကလည်းကောင်း၊ ” ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာ အုပ်စု၊ ရီးယန်ကျေးရွာမှ နားဖိုင်ကျေးရွာအုပ်စု၊ လုံဂျာယန်-မန်ကန်-နားဖိုင် ကျေးရွာချင်းဆက် မြေသားလမ်း(၅)မိုင်နှင့် (၁၀)ပေ ချောင်းကူးတံတား(၁)စင်း၊ Box Culvert(၄)ခု ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ “နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးကလည်းကောင်း အသီးသီးပြန်လည် ဖြေကြားကြ သည်။

၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းခဲ့သော ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန/ အဖွဲ့အစည်းများ၏ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် စပ်လျဉ်း၍ ရပ်စောက်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်က ဆွေးနွေးပြီး ရှမ်းပြည်နယ်ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ တာချီလိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်တင့်က စိစစ်သုံးသပ်တင်ပြသည့် အကြံပြုချက်အစီရင်ခံစာကို အတည်ပြု ပေးနိုင်ပါရန် ဖတ်ကြားပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး အတည်ပြုပေးနိုင်ပါရန် လွှတ်တော်အဆုံးအဖြတ် ရယူရာ လွှတ်တော်က သဘောတူသဖြင့် အတည်ပြုကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ကြေညာ ပါသည်။

ထို့နောက် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (စတုတ္ထနေ့)ကို (၁၂း၀၀)နာရီအချိန်တွင် ပြီးမြောက်ကြောင်းကြေညာပြီး (ပဥ္စမနေ့)ကို ဖေဖော်ဝါရီလ (၂၁)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

Leave a reply