Monday, March 30

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကျင်းပ

0
3

တောင်ကြီး ဖေဖော်ဝါရီ ၂၁

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၈) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ကို ယနေ့ဖေဖော်ဝါရီလ(၂၁)ရက် (သောကြာနေ့)၊ နံနက် (၁၀)နာရီတွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၆)ဦးတို့အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ် လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းဝေးတက်ရောက်ခွင့်ရှိသူ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၁၄၀)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ(၁၆)ဦး ရှိပြီး အစည်းအဝေးသို့ (၁၂၄)ဦး တက်ရောက်သဖြင့် (၈၈.၅၇)% ရှိသောကြောင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် ပဉ္စမနေ့ အစည်းအဝေးစတင် ကျင်းပကြောင်း ကြေညာပါသည်။

၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၇)ဦးက ကြယ်ပွင့်ပြမေးခွန်း(၈)ခု မေးမြန်း ရာ ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက “ကျိုင်းတုံမြို့နယ်အတွင်း စက်မှုလက်မှုအထက်တန်းကျောင်းနှင့် စက်မှုလက်မှုသိပ္ပံကျောင်း မြေနေရာရရှိရေးနှင့် ဖွင့်လှစ်ခွင့်ရရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်ကလည်းကောင်း၊ ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က “ရှမ်းပြည်နယ်အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များ ဆောင်ရွက် ရာတွင် ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် ကုမ္ပဏီ၊ ပုဂ္ဂလိကများ၏ Performance Guarantee ငွေများကို ပုဂ္ဂလိကဘဏ်များတွင် ထားခွင့်ပြုရန် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းရာ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က လည်းကောင်း၊ မိုင်းရှူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလင်းမြတ်က “မိုင်းရှူးမြို့နယ်၊ လွိုင်ဆောင်ထောက်ဒေသ ကျောက်မျက်တူးဖော်ထုတ်လုပ်ခြင်း လုပ်ကိုင်ခွင့်များ မည်သည့်အချိန်တွင် ပြန်လည်ချထားပေးမည်”နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်ကလည်းကောင်း၊ ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးညီညီ(ခ)ဦးညီလေးချမ်းက “ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ကျွဲ၊ နွား စားကျက်မြေများသတ်မှတ်ခြင်း”နှင့်စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က လည်းကောင်း၊ မိုင်းပျဉ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှဝင်းက ” ရှမ်းပြည်နယ်အစိုးရ အဖွဲ့၊ ပြည်နယ်ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ကော်မတီနှင့် Heho Resort(INNKHAUNG) ကုမ္ပဏီတို့အကြား အကျိုးတူပူးပေါင်းဆောင်ရွက်မည့် နားလည်မှုစာချွန်လွှာ (MOU)” နှင့်စပ်လျဉ်း သည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က လည်းကောင်း၊ ” မိုင်းပျဉ်းမြို့နယ်၊ ဖာဝေါ၊ ဆင်မောင်း၊ တာကော်ကျေးရွာအုပ်စုအတွင်းရှိ သောက်သုံးရေ အခက်အခဲရှိသည့် ကျေးရွာ(၄)ရွာအား စိမ့်စမ်းရေသွယ် လုပ်ငန်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်ကလည်းကောင်း၊ တပ်မတော်သားပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးအေးမင်းထိုက်က ” ရှမ်းပြည်နယ်အတွင်းရှိ စက်မှုဇုန်/ စက်မှုရပ်ကွက်များနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံဆောင်ရွက်နေမှု”နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက လည်းကောင်း၊ ရပ်စောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်က “ရပ်စောက်မြို့နယ်တွင် စွန့်လွှတ်ထားသည့် မြေ(၁၃၄၇)ဧကအနက် အမှိုက်စွန့်ပစ်ရန်အတွက် (၁၀)ဧကခန့်အား ဆောလျင်စွာ အသုံးပြုခွင့်ရရှိနိုင်ရန် မည်သို့ဆောင်ရွက်ပေးမည်”နှင့် စပ်လျဉ်း သည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်ကလည်းကောင်း အသီးသီးပြန်လည် ဖြေကြားကြသည်။

ဆက်လက်၍ ဥပဒေပြုရေးဆိုင်ရာကော်မတီအဖွဲ့ဝင်၊ လင်းခေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်မျိုးကျော် က “ရှမ်းပြည်နယ်အခြေခံကျောင်းများ ဘေးကင်းစိတ်ချရသော အစားအသောက် ဥပဒေ(မူကြမ်း)” နှင့်စပ်လျဉ်း၍ အစီရင်ခံစာအား လွှတ်တော်သို့ ဖတ်ကြားတင်ပြပြီး ယင်းဥပဒေ(မူကြမ်း)အား အတည်ပြုပေးနိုင်ပါရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသည့်အတွက် လွှတ်တော်က ဆုံးဖြတ်ထားသည့် အတိုင်း အတည်ပြုကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၈) ကြိမ်မြောက်ပုံမှန် အစည်းအဝေးဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများ အား ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေး(ပဉ္စမနေ့) အား နေ့လယ်(၁၁:၄၅)နာရီအချိန်တွင် ပြီးစီးခဲ့ပြီး ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

Leave a reply