Friday, October 23

(၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ

0
23

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ

တောင်ကြီး ဇွန် ၁၂

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့)ကို ဇွန်လ(၁၂)ရက်၊ (ဗုဒ္ဓဟူးနေ့) နံနက် (၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များ၊ လေ့လာသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၃)ဦး တို့ အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ် လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို လွှတ်တော်မှအတည် ပြုကြောင်း ကြေညာပါသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းဝေးတက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် (၁၄၀)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ(၁၃)ဦးရှိပြီး အစည်းအဝေးသို့ (၁၂၇)ဦး တက်ရောက်သဖြင့် (၉၀.၇၁)% ရှိသောကြောင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် တတိယနေ့ အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာပါသည်။

၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၁)ဦးမှ ကြယ်ပွင့်ပြမေးခွန်း(၁၆)ခု မေးမြန်း ရာ သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခမ်းအောင်က “သီပေါမြို့နယ်၊ လုံတောင်းကျေးရွာအုပ်စု၊ ခိုင်းမွန်နှင့်ပန်လောင် ကျေးရွာချင်းဆက်လမ်း အရှည်(၃)မိုင်ကျော်အား မြေသားလမ်းအဖြစ်ဖောက်လုပ်ပေးရန်အစီအစဉ် ရှိ/မရှိ” နှင့် စပ်လျဉ်းသည့် မေးခွန်း၊ “သီပေါမြို့နယ်၊ လုံတောင်းကျေးရွာအုပ်စု၊ ပန်လောင်ကျေးရွာအနီးရှိ နမ့်ပန် ချောင်းကူးသစ်သားတံတားအား ကွန်ကရစ်တံတားအဖြစ်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/ မရှိ ” နှင့် စပ်လျဉ်းသည့်မေးခွန်းနှင့် “သီပေါမြို့နယ်၊ လုံတောင်းကျေးရွာအုပ်စု၊ ပန်လောင်နှင့် ပုံလျန်း ကျေးရွာအကြားရှိ နမ့်ပါချီးသစ်သားတံတားအား ကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ”နှင့် စပ်လျဉ်းသည့်မေးခွန်းတို့အားမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှလည်းကောင်း၊ မိုင်းခတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝန်းဆမ်က “မိုင်းခတ်မြို့နယ်၊ ဖာလန်ကော်ကျေးရွာအုပ်စု၊ အိုက်လန်းကောင် ကျေးရွာချင်းဆက်မြေသားလမ်း(၆)မိုင်အနက် ကျန်ရှိနေသည့် (၂.၆)မိုင်အား ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ” နှင့်စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းရာ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးမှလည်းကောင်း၊ မိုင်းယောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအိုက်ခမ်းလှိုင်က “မိုင်းယောင်းမြို့နယ်၊ ဝမ်ဘိုး၊ ဝမ်မန်းနှင့် ဝမ်ကောင်းကျေးရွာအုပ်စုရှိ ကိုယ်ထူကိုယ်ထ သစ်ရိုက်နမ့်ခပ်ချောင်း ဆည်အား အခိုင်အမာ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှလည်းကောင်း၊ မဘိမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုက “မဘိမ်းနှင့် မိုးမိတ် မြို့နယ်ကြားရှိ ရွှေလီမြစ်ကူးတံတားသို့ သွားလာရန် ကတ္တရာလမ်းဆုံမှ မြစ်ဆုံရွာအထိ (၉)မိုင်ခန့် အတွင်းရှိ လမ်းနှင့်တံတားများကို ပြင်ဆင်ထိန်းသိမ်းပေးရန် အစီအစဉ် ရှိ/ မရှိ ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး မှလည်းကောင်း၊ ညောင်ရွှေမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက “ညောင်ရွှေမြို့နယ်၌ မိုးရာသီတွင် ရေကြီးရေလျှံချောင်းတာဘောင်ကျိုးပေါက်မှုများ နှစ်စဉ် ဖြစ်ပေါ်လျက်ရှိသည့် သန်းထောင်(၅)မြောင်းအား စီမံဆောင်ရွက်ထားမှု”နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ လည်းကောင်း၊ “ရှမ်းပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား၊ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းများအား စီမံချက်ဖြင့် ဆောင်ရွက်နေမှု”နှင့် စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှလည်းကောင်း၊ သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးက “သီပေါမြို့နယ်၊ မန်ဟဲနှင့် ဘော်ကြိုကျေးရွာအုပ်စုချင်းဆက်လမ်းရှိ နမ့်ဟူးနွဲ့- ကောင်းခါး မြေသားလမ်းအရှည် (၂)မိုင် (၄)ဖာလုံအား ကောင်းမွန်သည့် မြေသားလမ်းအဖြစ် ပြန်လည်ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/ မရှိ ” နှင့်စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးမှလည်းကောင်း၊ သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဒေါ်နန်းခင်ထားရီက “သိန္နီမြို့နယ်၊ ခမ်းတိမ်းကျေးရွာအုပ်စုရှိ ဆိုင်းခေါင်(ရွာသစ်)နှင့် အောက်ပုန်းထွန်ကျေးရွာ(၂)ရွာအား လျှပ်စစ်မီးသွယ်တန်းပေးရန် အစီအစဉ် ရှိ/မရှိ”နှင့်စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်လျှပ်စစ်၊စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှန်တစ်လုံမှ လည်းကောင်း၊“သိန္နီမြို့နယ်၊ နောင်ဆိုင်- မိုင်းပါး- ကောင်းအိုင်- ကောင်းမှူးဖိတ်မှ နမ္မတူမြို့နယ်၊ မိုင်းရင်ကျေးရွာအထိ ဆက်သွယ်ထားသော လမ်းပေါ်တွင်နမ့်တောင် ချောင်းကူးတံတားအား ဆောင်ရွက်ပေးမည့်အစီအစဉ်” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဦးခွန်ရဲထွေးမှလည်းကောင်း၊ ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ) ဦးညီလေးချမ်းက “ပင်းတယမြို့နယ်၊ ပေွးလှ ကျေးရွာအုပ်စုမှ ဝါတရာကျေးရွာ၊ တမဲကျေးရွာအုပ်စုမှ နန်းပလန်ကျေးရွာ၊ ရှားပြားကျေးရွာအုပ်စုမှ ရှားပြားကျေးရွာ၊ ကူးကော်ကျေးရွာအုပ်စုမှ ကျောက်ကြားနှင့် ကုန်းသာကျေးရွာများသည် ရေရှားပါးသဖြင့် ရေရရှိရေးအတွက် မည်သို့စီမံဆောင်ရွက်ပေးမည်”နှင့်စပ်လျဉ်း သည့်မေးခွန်းအား မေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော် မှလည်းကောင်း၊ မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံက “မိုင်းကိုင်မြို့နယ်၊ ကုံးလုံးကျေးရွာ အုပ်စု၊ ကောင်းဖယ်ကျေးရွာနှင့် လွယ်ကုန်ကျေးရွာအုပ်စု၊ လုတ်ကန်းကျေးရွာချင်းဆက် မြေသား လမ်း(၆)မိုင် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/ မရှိ” နှင့်စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှလည်းကောင်း၊ “လဲချား- မိုင်းကိုင်ကားလမ်းမှ ပုန်းယမ်းကျေးရွာသို့ဆက်သွယ်သွားလာနိုင်ရေး မြေသားလမ်း (သို့မဟုတ်) ကျောက်ချောလမ်း (၃)မိုင် ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ” နှင့်စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး မှလည်းကောင်း၊ ရွာငံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းစိုးက “ရွာငံမြို့ဈေးအသစ် ပြန်လည်တည်ဆောက်ရန် အစီအစဉ် ရှိ/ မရှိ”နှင့် စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းရာ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းမှလည်းကောင်း၊ နမ့်ဆန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဏ်းက“နမ့်ဆန်မြို့နယ်၊ နမ့်ဆန်-လီလုတံတား ချဉ်းကပ်လမ်းနှစ်ဖက်တွင် သတိပေး(မီးဝါ)ဆိုလာမီး(၆)တိုင်၊ တံတားတစ်လျှောက် ဆိုလာမီး အလင်းတိုင်(၂၄)တိုင်ထွန်းညှိပေးရန် အစီအစဉ်ရှိ/မရှိ”နှင့် စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးမှလည်းကောင်း အသီးသီးပြန်လည် ဖြေကြားကြသည်။

ထို့နောက် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန် အစည်း အဝေး (တတိယနေ့) ကို နံနက် (၁၁)နာရီ (၅၀) မိနစ် အချိန်တွင် ပြီးစီးကြောင်း ကြေညာပြီး (စတုတ္ထနေ့)ကို ဇွန်လ(၁၃)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

Leave a reply