Monday, October 19

(၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ

0
24

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ

 

တောင်ကြီး စက်တင်ဘာ ၂၀

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ကို စက်တင်ဘာလ(၂၀)ရက်၊ (သောကြာနေ့) နံနက် (၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂၁) ဦး တို့ အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ်လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းဝေးတက်ရောက်ခွင့်ရှိသူ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၁၄၀)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ(၂၁) ဦးရှိပြီး အစည်းအဝေးသို့ (၁၁၉) ဦး တက်ရောက်သဖြင့် (၈၅)% ရှိသောကြောင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတုတ္ထနေ့ အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာပါသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၈)ဦးမှ ကြယ်ပွင့်ပြမေးခွန်း(၈)ခု မေးမြန်းရာ မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းက “မိုင်းဆတ်မြို့နယ်၊ စတုံးကျေးရွာအုပ်စု၊ မယ်ကြုတ်(၁)၊ (၂)နှင့် (၃)ကျေးရွာများအတွက် မယ်ကြုတ်- တာချီလိတ်ကားလမ်းနှင့် နားယောင်းလမ်းဆုံထိ မြေသားလမ်းအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး ကလည်းကောင်း၊ လွိုင်လင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီ​ဂေါလ်က “ရှမ်းပြည်နယ်ရှိ အခြေခံပညာကျောင်းများတွင် ဆရာ/ဆရာမအင်အား လုံလောက်မှုမရှိဘဲ လစ်လပ်နေသည့်ကိစ္စ” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က လည်းကောင်း၊ ကလောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက် က “၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျပ်(၁၈၁.၇၅၅)သန်းဖြင့် လျာထားသော တောင်ကြီးမြို့လယ်၊ ခုံးကျော်တံတားတည်ဆောက်မည့် အစီအစဉ် ရှိ/မရှိ (သို့မဟုတ်) အခြား လုပ်ငန်းပြောင်းလဲဆောင်ရွက်မည့် အစီအမံများ” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးမှလည်းကောင်း အသီးသီးပြန်လည်ဖြေကြား ကြသည်။

၎င်းနောက် လင်းခေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်မျိုးကျော် က “လင်းခေးမြို့နယ်ရှိ ဒါးဆိပ်- နောင်လုံ- ဝမ်စစ်- ဟိုက်ဟွေ့ ကျေးရွာ အုပ်စုချင်းဆက် ကျောက်ချောလမ်း(၁၁)မိုင်အနက် (၁)မိုင်ခန့်အား ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် မေးခွန်း အားမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး ကလည်းကောင်း၊ မိုင်းရှူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလင်းမြတ် က “ရှမ်းပြည်နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းပြီးစီးမှု အခြေအနေ အလိုက် အရစ်ကျငွေတောင်းခံသည့်အခါတိုင်း သက်ဆိုင်ရာ ဒေသခံလွှတ်တော်ကိုယ်စားလှယ် များ၏ သဘောထားမှတ်ချက်ပါရှိမှသာ လက်ခံဆောင်ရွက်ပေးရန်ကိစ္စ” နှင့်စပ်လျဉ်းသည့်မေးခွန်း အား မေးမြန်းရာ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင် ကလည်းကောင်း၊ နမ့်စန် မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ က “နမ့်စန် မြို့နယ်၊ ပြည်သူ့ဆေးရုံ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာ ပြည်နယ်ရုံး မှတစ်ဆင့် ရုံးချုပ်သို့ တင်ပြဆောင်ရွက်ပေးမည့် အစီအစဉ်များအား သိရှိလိုပါသည်” နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ကလည်းကောင်း၊ ကွန်ဟိန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ကျော်ဦး က “ကွန်ဟိန်းမြို့နယ်၊ နမ့်ပါးမန်း – ဝမ်တုံ ကျေးရွာချင်းဆက် မြေသားလမ်း (၈)မိုင်အနက် ကျန်လမ်းပိုင်း(၅)မိုင်အား ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး က လည်းကောင်း၊ လဲချားမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်ဇေယျ က “လဲချားမြို့နယ်၊ ဝမ်ဟိုင့်ကျေးရွာအုပ်စု၊ ဝမ်ပန်ကျေးရွာရှိ နောင်ကားအခြေခံ ပညာမူလတန်းလွန်ကျောင်းအား အဆင့်တိုးမြှင့်ပေးရန်နှင့် ကျောင်းအဆောက်အအုံသစ်ကို ဆောင် ရွက်ပေးရန် အစီ အစဉ်ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ကလည်းကောင်း အသီးသီးပြန်လည်ဖြေကြားကြသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းခဲ့သော ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ မိုင်းပျဉ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှဝင်းက လေ့လာသုံးသပ် အကြံပြုဆွေးနွေးပြီး ဒေသန္တရစီမံကိန်းနှင့်ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ တာချီလိတ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့် မှ ကော်မတီ၏ စိစစ်သုံးသပ်တင်ပြချက်အား ဖတ်ကြားတင်ပြပြီး ရှမ်းပြည်နယ်လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ၊ ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်က ကော်မတီ၏ အစီရင်ခံစာအား ဖတ်ကြားကာ အဆိုပါဥပဒေ(မူကြမ်း)အား လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန်နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်မှ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ပြန်လည်ဆွေးနွေး ရှင်းလင်းပြီး အဆိုပါဥပဒေ (မူကြမ်း) အား ပြည်နယ်လွှတ်တော်တွင် အတည်ပြုနိုင်ရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ပြည်နယ်လွှတ်တော်က သဘောတူသဖြင့် ဥပဒေ(မူကြမ်း)ကို အတည်ပြု ကြောင်း ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ထို့နောက် ဒုတိယအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက်ပုံမှန် အစည်း အဝေး (စတုတ္ထနေ့) ကို (၁၁:၅၅) နာရီအချိန်တွင် ပြီးစီးကြောင်းကြေညာပြီး (ပဉ္စမနေ့)ကို စက်တင်ဘာလ (၂၃) ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

Leave a reply