Thursday, May 28

ရှမ်းပြည်နယ်လွှတ်တော် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်ရေး ကော်မတီ၏ ဌာနဆိုင်ရာကြားနာပွဲကျင်းပ

0
291

ရှမ်းပြည်နယ်လွှတ်တော် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်ရေး ကော်မတီ၏ ဌာနဆိုင်ရာကြားနာပွဲကျင်းပ

တောင်ကြီး     မေ – ၁၄

   ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် အတွက် အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ပတ်သက်သည့် ဌာနဆိုင်ရာများနှင့် ကြားနာပွဲအား နံနက်(၀၉၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် ကျားခေါင်းခန်းမ၌ ကျင်းပခဲ့ပါသည်။

   ပထမဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊  ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ရှမ်းပြည်နယ်လွှတ်တော် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်ရေး ကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

   ရှမ်းပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် ရှမ်းပြည်နယ်စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၊ ပြည်နယ်စီမံကိန်းမှူးတို့က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

   ထို့နောက် ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွက် အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ပတ်သက်၍ နံနက်ပိုင်း အစီအစဉ်တွင် ပြည်နယ် အဆင့်ဌာနဆိုင်ရာများဖြစ်သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရေအရင်းအမြစ်ဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနတို့က ဆွေးနွေးတင်ပြခဲ့ပြီး ရှမ်းပြည်နယ်လွှတ်တော်ရေးရာ ကော်မတီများက အပြန်အလှန် ဆွေးနွေးကြကာ မွန်းလွှဲ(၁၃:၁၅)နာရီတွင် နံနက်ပိုင်း အစီအစဉ်ကို ခေတ္တရပ်နားခဲ့ပါသည်။

၎င်းနောက် မွန်းလွှဲ(၁၄:၁၅)နာရီတွင် ပြည်နယ်အဆင့် ဌာနဆိုင်ရာများဖြစ်သည့် ကုန်းမြင့်ဒေသ လယ်ယာမြေ ဖော်ထုတ်ရေးစီမံကိန်းရုံး၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး)၊ ရေအရင်းအမြစ် နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့က ဆွေးနွေးတင်ပြ၍ ရှမ်းပြည်နယ်လွှတ်တော်ရေးရာကော်မတီဝင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ညနေ(၁၇:၁၅)နာရီတွင် ပထမနေ့ အစီအစဉ်ရပ်နားခဲ့ပါသည်။ ဒုတိယနေ့ အစီအစဉ်ကို မေလ(၁၅)ရက် နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။

   အဆိုပါ အစည်းအဝေးသို့ ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ရှမ်းပြည်နယ်လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်လွှတ်တော် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ကော်မတီဝင်များနှင့် အတူ တက်ရောက်ခဲ့ပါသည်။

 

 

 

Leave a reply