Monday, July 13

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကျင်းပ

0
211

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်

(၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကျင်းပ

 

တောင်ကြီး    ဇွန်   ၂၃

    ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၉) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကို ဇွန်လ(၂၃)ရက် (အင်္ဂါနေ့)၊ နံနက် (၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

         အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

         အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၉)ဦးတို့ အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ် လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

    ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးတက်ရောက်ခွင့်ရှိသူ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၁၃၉)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ(၁၉)ဦးရှိပြီး အစည်းအဝေးသို့ (၁၂၀)ဦး တက်ရောက်သဖြင့် (၈၆.၃၃)%  ရှိသောကြောင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် ဒုတိယနေ့ အစည်းအဝေးစတင် ကျင်းပကြောင်း ကြေညာပါသည်။

    ၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၃)ဦးက ကြယ်ပွင့်ပြမေးခွန်း(၁၃)ခု မေးမြန်းရာ သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးက “သီပေါမြို့နယ်အတွင်း ဝေးလံခေါင်ဖျားနှင့် ခရီးလမ်းခက်ခဲသော ဒေသများ ရှိ ပညာရေးဝန်ထမ်း ဆရာ/ဆရာမများ၏ ဒေသစရိတ်များချီးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက လည်းကောင်း၊ ညောင်ရွှေမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်မိုးက “ညောင်ရွှေမြို့နယ်၊ နောင်တော၊ မိုင်းပျိုးနှင့် အင်းလျားကျေးရွာအုပ်စုချင်းဆက် စော်ဘွားတာပေါင်လမ်း(၃.၂)မိုင်ကို မြေသားလမ်း (ကျေးရွာ ကုန်ထုတ်လမ်း)အဖြစ် ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်ကလည်းကောင်း၊ နမ္မတူမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ်က “ ရှမ်းပြည်နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငယ်တန်းစာရေး (ရပ်/ကျေး)များ ရွေးချယ်ခန့်ထားမှု”နှင့် စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက လည်းကောင်း၊ ရွာငံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစဝ်အောင်မြတ်(ခ)ဦးအောင်မြတ်က “မော်တော်ယာဉ်အမည်ပြောင်း မှတ်ပုံတင်ဆောင်ရွက်ရာတွင် ထပ်မံပေးဆောင်ရသည့် အခွန်ငွေများ”နှင့်  စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်(ခ)ဦးစိုးကြီးကလည်းကောင်း၊ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်ကျော်နိုင်က “ ရှမ်းပြည်နယ်အတွင်းရှိ အချို့ဒေသ များတွင် နွေရာသီ၌ သောက်သုံးရေရှားပါးပြတ်လပ်ခြင်းများရှိသဖြင့် စနစ်တကျ စစ်တမ်းကောက်ယူ ပြီး သောက်သုံးရေ ဖူလုံစွာရရှိရေး မည်ကဲ့သို့ဆောင်ရွက်ပေးမည်”နှင့် စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က လည်းကောင်း၊ ရွာငံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းစိုးက “ရှမ်းပြည်နယ်တရားရုံးများတွင် ကလေးသူငယ်အထူးတရားရုံးများ ထားရှိရန်နှင့် ကလေးသူငယ်အထူးရဲများ သီးသန့်ခန့်ထားရန် အစီအစဉ် ရှိ/မရှိ”နှင့်စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်နှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးတို့ကလည်းကောင်း၊ မိုင်းဖြတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားကိုက “ မိုင်းဖြတ်မြို့နယ်၊ နမ့်ပန်ကျေးရွာအုပ်စုတွင် MPT ဆက်သွယ်ရေးတာဝါတိုင်တစ်ခုနှင့် ကျိုင်းတုံမြို့နှင့် မိုင်းဖြတ်မြို့ကြားရှိ မိုင်(၃၀)ရွာမှ မိုင်းဖြတ်မြို့ အဝင်အထိ ဖုန်းလိုင်းဆက်သွယ်မှုရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးမည့် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက လည်းကောင်း၊ ကလောမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထိုက်က “ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးသို့ ရှမ်းပြည်နယ် စာရင်းစစ်ချုပ်ရုံးမှ တင်သွင်းလာသော ဘဏ္ဍာရေးနှစ်အလိုက် စိစစ်တွေ့ရှိချက်များ ”နှင့် စပ်လျဉ်း သည့် မေးခွန်းများအားမေးမြန်းရာ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင် (ခ)ဦးစိုးကြီးကလည်းကောင်း၊ ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးညီညီ(ခ) ဦးညီလေးချမ်းက “ ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၂)ကျောင်းအား ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးရန်”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက လည်းကောင်း၊ မိုင်းပျဉ်း မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှဝင်းက “ မိုင်းပျဉ်း မြို့နယ်၊ ကျေးရွာအုပ်စု (၄)အုပ်စုအတွင်းရှိ ကျေးရွာ(၁၃)ရွာတွင် ဆိုလာမီးရရှိရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/ မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက လည်းကောင်း၊ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးအောင်သူခိုင်က “ရှမ်းပြည်နယ်အတွင်းရှိ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများမှ ထွက်ကုန်များ၊ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသော လုပ်ငန်းများနှင့် တိုင်းရင်းသား လုပ်ငန်းရှင်များအပေါ် ကူညီဆောင်ရွက်ပေးနေမှု”နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က လည်းကောင်း၊ ကျေးသီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံမိုင်းက “ကျေးသီးမြို့နယ်၊ နောင်ဆွမ်းနှင့် မိုင်းကောင်ကျေးရွာအုပ်စုများတွင် ဆက်သွယ်ရေး တာဝါတိုင် စိုက်ထူပေးရန် အစီအစဉ်ရှိ/ မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက လည်းကောင်း၊ နမ့်ဆန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဏ်းက ” နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာတွင် (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံ တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ဝန်ကြီးဌာန(၂)ခု၏ မတူညီသောစံချိန်စံညွှန်းများ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက လည်းကောင်းအသီးသီး ပြန်လည်ဖြေကြားကြသည်။

    ထို့နောက် ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ)ဦးညီလေးချမ်း၏ “ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ အင်းငယ်ကျေးရွာ အုပ်စုနှင့် မိုင်းလီကျေးရွာအုပ်စုတို့အားပေါင်း၍ မိုင်းလီကျေးရွာအုပ်စု၊ မိုင်းအင်ကျေးရွာကို မိုင်းအင်မြို့အဖြစ် တိုးမြှင့်သတ်မှတ်ပေးရန် တိုက်တွန်းကြောင်း” အဆိုကို လွိုင်လင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်က ထောက်ခံဆွေးနွေးပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက အဆိုကိုလွှတ်တော်တွင် မှတ်တမ်း အဖြစ်ထားရှိပေးရန် ပြန်လည်ရှင်းလင်းခဲ့ပါသည်။ အဆိုရှင်က လွှတ်တော်၏ဆန္ဒခံယူလိုကြောင်း တင်ပြသဖြင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူကာ လွှတ်တော်က အဆိုကိုမှတ်တမ်းတင်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

    ဆက်လက်၍ မိုင်းယန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှိုင်ခမ်းက “ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်း လုပ်ငန်းများ လျော့ချနိုင်ရေးနှင့် စနစ်တကျ တောင်ယာစိုက်ပျိုးခြင်းလုပ်ငန်းများဖြစ်စေရေးတို့ကို စီမံချက်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း” အဆိုတင်သွင်းရာ မိုင်းပျဉ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှဝင်းက ထောက်ခံဆွေးနွေးပြီး ၎င်းအဆိုကို လက်ခံ ဆွေးနွေးရန် သင့်/ မသင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုကို (၂၄.၆.၂၀၂၀) ရက် ( ဗုဒ္ဓဟူးနေ့ )တွင် ဆွေးနွေး မည် ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များရှိပါက ယနေ့ညနေ (၅)နာရီ နောက်ဆုံးထား၍ ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည် စာရင်း တင်သွင်းနိုင်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

    ထို့နောက် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၉)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (ဒုတိယနေ့)ကို (၁၂:၄၅)နာရီအချိန်တွင် ရပ်နားကြောင်းကြေညာပြီး အစည်းအဝေး(တတိယနေ့)ကို ဇွန်လ (၂၄)ရက် နံနက်(၁၀)နာရီအချိန်တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

Leave a reply