Thursday, October 15

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(တတိယနေ့)ကျင်းပ

0
345

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်

(၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(တတိယနေ့)ကျင်းပ

 တောင်ကြီး    ဇွန်   ၂၄

     ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၉) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့)ကို ဇွန်လ(၂၄)ရက် (ဗုဒ္ဓဟူးနေ့)၊ နံနက် (၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

     အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်( ၁၅ )ဦးတို့ အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ် လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

     ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးတက်ရောက်ခွင့်ရှိသူ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၁၃၉)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ( ၁၅ )ဦးရှိပြီး အစည်းအဝေးသို့ (  ၁၂၄  )ဦး တက်ရောက်သဖြင့် ( ၈၉.၂၁ )%  ရှိသောကြောင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် တတိယနေ့ အစည်းအဝေးစတင် ကျင်းပကြောင်း ကြေညာပါသည်။

     ၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၀)ဦးက ကြယ်ပွင့်ပြမေးခွန်း(၁၃)ခု မေးမြန်းရာ နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင် က “နမ့်ခမ်းမြို့ပေါ်တွင် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ရပ်ကွက်(၁၄)ခုအနက် ရပ်ကွက်(၈)ခုတွင် မြေငှားဂရန်လျှောက်ထား၍ မရသေးခြင်း”နှင့် စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းရာ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က လည်းကောင်း၊ “ နမ့်ခမ်းမြို့နယ်၊ ကောင်းကတ်ကျေးရွာအုပ်စု “ကွင်းပြင်ပဒေသ”ရှိ သစ်တောစိုက်ခင်းအဖြစ် သိမ်းယူထားသည့် မြေအနက် စိုက်ပျိုးခြင်းမရှိသော မြေဧရိယာ(၉၇)ဧကကို မူလပိုင်ရှင် တောင်သူ (၂၈)ဦးထံသို့ ပြန်လည်လွှဲပြောင်းပေးရန် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းရာ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က လည်းကောင်း၊ ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက “ကျိုင်းတုံမြို့၊ မြို့ရှောင်လမ်း ခေတ်မီအဝေးပြေးယာဉ်ရပ်နားစခန်းနှင့် အခြားသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် လိုအပ်သည့်မြေနေရာ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေးက လည်းကောင်း၊ တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးပြည့်ဖြိုးအောင်က “မိုင်းယောင်း မြို့နယ်၊ မိုင်းယုမြို့နယ်ခွဲ၊ တာြကန့်ကျေးရွာအုပ်စု၊ ကော်ဆမ်မိန်းကျေးရွာတွင် ကျေးလက်ဆေးပေး ခန်းတစ်ခု ချထားပေးရန် အစီအစဉ် ရှိ/မရှိ”နှင့်  စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက လည်းကောင်း၊ ညောင်ရွှေမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်မိုးက “ ညောင်ရွှေမြို့နယ်၊ တုံဟုံး-လွိုင်မွန်း-ဆီဆိုင်လမ်းပေါ်ရှိ သစ်သားတံတား(၅)စင်းအား ကွန်ကရစ်တံတားအဖြစ် နှစ်အလိုက်ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးခွန်ရဲထွေးက လည်းကောင်း၊ မိုးမိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီဝင်းက “မိုးမိတ်နှင့် မဘိမ်းမြို့နယ်အကြား ရွှေလီမြစ်အတွင်းရှိ ရေနေသတ္တဝါများ မျိုးသုဉ်းခြင်း၊ ရေသယံဇာတပျက်စီးခြင်း မဖြစ်ပေါ်စေရန် မည်သို့စီစဉ်ဆောင်ရွက် ပေးမည်”နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်ကလည်းကောင်း၊ တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး အောင်သူခိုင်က “ လားရှိုးမြို့၌ ဆိုင်ကယ်မောင်းနှင်စီးနင်းသူများ ဆိုင်ကယ်စီးဦးထုပ်ဆောင်းခြင်း စည်းကမ်းအား လိုက်နာစေရေး မည်ကဲ့သို့ ဆောင်ရွက်နေသည်”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက လည်းကောင်း၊ မိုင်းဖြတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအားကိုက “မိုင်းဖြတ်မြို့နယ်၊ အိုက်လုံနှင့် အိုက်ငို့ကျေးရွာအုပ်စုများရှိ Telenor တာဝါတိုင်အား ပြန်လည်ပြုပြင်ပေးရန် အစီအစဉ်ရှိ/ မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းများအား မေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးကလည်းကောင်း၊ မိုင်းပျဉ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှဝင်းက “မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့မီးလင်းရေးလုပ်ငန်းဆောင်ရွက်ပေးမှု”နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက လည်းကောင်း၊ လွိုင်လင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်က “ လွိုင်လင်မြို့နယ်၊ နားယန်းကျေးရွာအုပ်စု၊ အ.လ.က(ခွဲ) ကျူစန်းလောင်းတွင် ပညာရေးဝန်ထမ်းများ ဖြည့်ဆည်း ပေးနိုင်ရေး”၊ “လွိုင်လင်မြို့နယ်၊ တောင်နောက်ကျေးရွာအုပ်စု၊ မူလတန်း(လွန်) လွယ်မွတ်(မိုင်းပွန်) ရှိ ကျောင်းဆောင်ဟောင်းအား ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေး” နှင့် စပ်လျဉ်းသည့် မေးခွန်းများအား မေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းကလည်းကောင်း၊ ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ) ဦးညီလေးချမ်းက “ပင်းတယမြို့နယ်၊ မဲနယ်တောင်ကျေးရွာအုပ်စု၊ လင်းလေအင်းကျေးရွာရေရရှိရေးအတွက် သိမ်ကုန်းကျေးရွာအုပ်စု၊ တောင်တန်းပေါ်ရှိ နွဲ့ရည်ဦးရေထွက်မှ ရေသွယ်ယူ ပေးရန်”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်းမြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က လည်းကောင်း၊ ” COVID-19 ရောဂါအလွန်တွင် ရှမ်းပြည်နယ်ပြည်သူလူထု၏ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် စီမံဆောင်ရွက်ပေးမှု”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်တို့က လည်းကောင်းအသီးသီး ပြန်လည်ဖြေကြားကြသည်။

     ထို့နောက် မိုင်းယန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှိုင်ခမ်းက “ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်း လုပ်ငန်းများ လျော့ချနိုင်ရေးနှင့် စနစ်တကျ တောင်ယာစိုက်ပျိုးခြင်းလုပ်ငန်းများဖြစ်စေရေးတို့ကို စီမံချက်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း” အဆိုကို မိုင်းပျဉ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလှဝင်းနှင့် နမ္မတူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ်တို့က ထောက်ခံဆွေးနွေးပြီး ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က အဆိုကိုလွှတ်တော်တွင် အတည်ပြုပေးရန် ပြန်လည်ရှင်းလင်းခဲ့၍ လွှတ်တော်က အဆိုကို အတည်ပြုကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

     ဆက်လက်၍ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က ရှမ်းပြည်နယ်တရားလွှတ်တော်၏ ၂၀၁၉ခုနှစ်အတွင်း လုပ်ငန်းများဆောင်ရွက်မှု အခြေအနေ အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်ပြပါသည်။

     ၎င်းနောက် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၉)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (တတိယနေ့)ကို (၁၂:၂၅)နာရီအချိန်တွင် ရပ်နားကြောင်းကြေညာပြီး အစည်းအဝေး(စတုတ္ထနေ့)ကို ဇွန်လ (၂၅)ရက် နံနက်(၁၀)နာရီအချိန်တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

Leave a reply