Saturday, November 21

ဒုတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပထမနေ့) ကျင်းပ

0
30

ဒုတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပထမနေ့) ကျင်းပ

တောင်ကြီး စက်တင်ဘာ – ၂

          ဒုတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပထမနေ့)ကို စက်တင်ဘာလ (၂)ရက်(ဗုဒ္ဓဟူးနေ့)၊ နံနက်(၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။

          အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

           အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂၀)ဦးတို့ အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ်   အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ်လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို ပြည်နယ်လွှတ်တော် မှ အတည်ပြုကြောင်း ကြေညာပါသည်။

     အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသည့် တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ရဲနိုင်ထွန်းနှင့် ဗိုလ်မှူးစိုးသူတို့က ကတိသစ္စာပြုပြီး ကတိသစ္စာ ပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးပါသည်။

        ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းဝေးတက်ရောက်ခွင့်ရှိသူ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၁၃၉)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ( ၂၀ )ဦး ရှိပြီး အစည်းအဝေးသို့ (၁၁၉)ဦး တက်ရောက်သဖြင့် ( ၈၅.၆၁ )%  ရှိသောကြောင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် ပထမနေ့ အစည်းအဝေးစတင် ကျင်းပကြောင်း ကြေညာပါသည်။ ထို့နောက် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က နှုတ်ခွန်းဆက်စကား ပြောကြားပါသည်။

     ၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြည်နယ် လွှတ်တော်သို့ မိန့်ခွန်းပြောကြားပြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၈)ဦးက ကြယ်ပွင့်ပြမေးခွန်း (၁၂)ခု မေးမြန်းရာ ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက “အစိုးရ ဒုတိယသက်တမ်းကာလအတွင်း မေးမြန်းခဲ့သည့် မေးခွန်း၊ အဆိုများနှင့် ပတ်သက်၍ လွှတ်တော်ကတိကဝတ် ဖြစ်ပေါ်ခဲ့သည့်လုပ်ငန်းများ”နှင့် ကျိုင်းတုံမြို့နယ် ကျိုင်းဖောင်း ကျေးရွာအနီးရှိ နမ့်ခင်ချောင်း ရေစီးရေလာကောင်းမွန်ရေးအတွက် သဲနုန်းပြန်လည်တူးဖော် ပေါင်ဆင့်ခြင်း လုပ်ငန်းအား ကူညီဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ”နှင့်စပ်လျဉ်းသည့် မေးခွန်းများ မေးမြန်းရာ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်(ခ)ဦးစိုးကြီးနှင့် ပြည်နယ် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်တို့ကလည်းကောင်း၊ လွိုင်လင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်က “လွိုင်လင်မြို့နယ်၊ ဟွေတောက် ကျေးရွာအုပ်စုတွင် ထီအုံးနောင်ကျေးလက်ကျန်းမာရေးဌာနခွဲ စံကိုက်အဆောက်အဦရရှိရေး စီမံဆောင်ရွက်ပေးမှု”နှင့် “လွိုင်လင်မြို့နယ်၊ ကုန်းယောကျေးရွာ အုပ်စုတွင် ခေးဟွမ်ကျန်းမာရေးဌာနခွဲ စံကိုက်အဆောက်အဦ တည်ဆောက်နိုင်ရေး စီမံဆောင်ရွက် ပေးမှု”နှင့်စပ်လျဉ်းသည့် မေးခွန်းများ မေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက လည်းကောင်း၊ ရွာငံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစဝ်အောင်မြတ်(ခ)ဦးအောင်မြတ်က “ ရွာငံမြို့နယ်၊ လယ်ကိုင်းကျေးရွာအုပ်စု၊ လယ်ကိုင်းကျေးရွာ တွင် MPT ဆက်သွယ်ရေးတာဝါတိုင် သို့မဟုတ် အခြား ဆက်သွယ်ရေးတာဝါတိုင် (၁)တိုင်အား ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးကလည်းကောင်း၊ တပ်မတော်သားပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးပြည့်ဖြိုးအောင်က “ကျိုင်းတုံမြို့နယ် အတွင်းရှိ ကျေးလက်နေပြည်သူများ အတွက် သန့်ရှင်းသောရေအရင်းအမြစ်မှ ရေကောင်းရေသန့် လုံလောက်စွာရရှိရန် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်ကလည်းကောင်း၊ မိုင်းပျဉ်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှဝင်းက “  Covid -19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရသည့် ပြည်သူလူထုများထံသို့ သွားရောက် ကူညီလှူဒါန်းမှု”နှင့် “မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၊ နမ့်ဆင်ချောင်း မြေသားကျောက်စီနံရံ အလျား (၁၄၀၀)ပေအား တည်ဆောက်ပေးမည့် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းများမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးတို့ကလည်းကောင်း၊ ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးညီညီ(ခ)ဦးညီလေးချမ်းက “ပင်းတယမြို့နယ်၊ ရွှေပုထိုးကျေးရွာအုပ်စု၊ ရွှေပုထိုးကျေးရွာအနီးရှိ အင်းယားကန်၏ ရေပြင်ဧရိယာ၊ ကန်နယ်နိမိတ် ဧရိယာ မည်မျှရှိကြောင်း သိရှိလိုပါသည်”နှင့် “ပင်းတယမြို့နယ်၊ မိုင်းလီကျေးရွာအုပ်စု၊ မိုင်းလီ ကျေးရွာ ရေရှားပါးမှု ပြဿနာကို မည်သို့စီမံဆောင်ရွက်ပေးမည်”နှင့် စပ်လျဉ်းသည့် မေးခွန်းများ မေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က လည်းကောင်း၊ ရွာငံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းစိုးက “ရွာငံမြို့နယ်အတွင်း တယ်လီဖုန်းလိုင်းမရှိ၍ ဆက်သွယ်ရန်အခက်အခဲရှိသော ကျေးရွာ(၁၆)ရွာ အတွက် ဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးကလည်းကောင်း၊ တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးမျိုးကိုကိုဝင်းက “ ရပ်စောက်မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် (၁၇၀x၃၀)ပေ RC နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန်နှင့် စာသင်ခုံများ ဖြည့်တင်းပေးရန် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းကလည်းကောင်း အသီးသီး ပြန်လည်ဖြေကြားကြသည်။

     ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က အဆိုပြုသော ရှမ်းပြည်နယ်အဆင့်အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များဖြစ်သည့် ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီး(၂)ဦးအဖြစ် ဒေါ်စန္ဒာအောင်နှင့် ဦးအောင်သိန်းတို့ကို အမည်စာရင်း တင်သွင်းလာကြောင်း ၂၀၁၃ခုနှစ် ရှမ်းပြည်နယ်လွှတ်တော် ဆိုင်ရာ နည်းဥပဒေ (၅၁)၊ နည်းဥပဒေခွဲ(က)အရ ကြေညာပြီး နည်းဥပဒေ(၅၁) နည်းဥပဒေခွဲ (ခ)အရ အဆိုပါပုဂ္ဂိုလ်များသည် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၁၀တွင် ပြဋ္ဌာန်းထားသည့် အရည်အချင်းများ နှင့် မပြည့်စုံပါက ကန့်ကွက်နိုင်ကြောင်းနှင့် ရှမ်းပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၄ အရ၊ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များသည် ကန့်ကွက်ကြောင်း အဆိုကို ဥက္ကဋ္ဌထံ တင်ပြနိုင်ကြောင်းနှင့် မိမိကန့်ကွက်လိုသော ပုဂ္ဂိုလ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းထားသော အရည်အချင်းများနှင့် မပြည့်စုံကြောင်း ခိုင်လုံသည့်သက်သေ အထောက်အထား များ ပူးတွဲကာ ယနေ့မွန်းလွဲ(၁:၄၅)နာရီ နောက်ဆုံးထား၍ ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးသွင်းနိုင်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

     ၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင် (ခ)ဦးစိုးကြီးက ၂၀၂၀-၂၀၂၁၊ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)အား ရှမ်းပြည်နယ်လွှတ်တော်သို့ တင်သွင်းခဲ့ပြီး အဆိုပါဥပဒေ(မူကြမ်း)အား (၄.၉.၂၀၂၀)ရက်နေ့တွင် ပြည်နယ်လွှတ်တော်၌ ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက ယနေ့ညနေ(၅)နာရီ နောက်ဆုံးထား၍ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးသွင်းနိုင်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

     ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင် (ခ)ဦးစိုးကြီးက ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေ(မူကြမ်း)အား ရှမ်းပြည်နယ်လွှတ်တော်သို့ တင်သွင်းခဲ့ပြီး အဆိုပါဥပဒေ(မူကြမ်း)အား (၄.၉.၂၀၂၀)ရက်နေ့တွင် ပြည်နယ်လွှတ်တော်၌ ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက ယနေ့ညနေ(၅)နာရီ နောက်ဆုံးထား၍ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးသွင်းနိုင်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

၎င်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က အဆိုပြုသော ရှမ်းပြည်နယ်အဆင့်အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များဖြစ်သည့် ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီး(၂)ဦးအဖြစ် ဒေါ်စန္ဒာအောင်၊ ဦးအောင်သိန်းတို့အား ကန့်ကွက်တင်ပြလာသူမရှိသည့်အတွက် လွှတ်တော်၏သဘောထားရယူရာ လွှတ်တော်ကိုယ်စားလှယ်များက သဘောတူသည့်အတွက် ရှမ်းပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၇ အရ၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးများအဖြစ် ခန့်အပ်တာဝန် ပေးအပ်ရန် လွှတ်တော်ကသဘောတူကြောင်း ကြေညာပါသည်။

     ထို့နောက် နမ္မတူမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ်က “ရှမ်းပြည်နယ်အတွင်း စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လက်ရှိထက်ပိုမိုကောင်းမွန်သောစနစ်ဖြင့် ရေတိုရေရှည်စီမံချက်များ ချမှတ်ကာ အလေးထား ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း” အဆိုတင်သွင်းရာ သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ဒေါ်နန်းခင်ထားရီက ထောက်ခံဆွေးနွေးပြီး ၎င်းအဆိုကို လက်ခံ ဆွေးနွေးရန် သင့်/ မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုကို (၃.၉.၂၀၂၀) ရက်နေ့ တွင် ဆွေးနွေးမည် ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များရှိပါက ယနေ့ညနေ (၅)နာရီနောက်ဆုံးထား၍ ရှမ်းပြည်နယ် လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာပါသည်။

     ၎င်းနောက် မိုင်းပန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းနောင့်က “ရှမ်းပြည်နယ်ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေးဝန်ဆောင် မှုများကို ပြည်သူများ အဆင်ပြေစွာရရှိနိုင်ရန် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်နိုင်မှု မြှင့်တင်ခြင်း” အဆိုတင်သွင်းရာ မိုင်းယန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ဦးစိုင်းလှိုင်ခမ်းက ထောက်ခံဆွေးနွေးပြီး ၎င်းအဆိုကို လက်ခံဆွေးနွေးရန် သင့်/ မသင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုကို (၃.၉.၂၀၂၀) ရက်နေ့တွင် ဆွေးနွေးမည် ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များရှိပါက ယနေ့ညနေ (၅)နာရီ နောက်ဆုံးထား၍ ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာပါသည်။

ထို့နောက် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (ပထမနေ့)ကို (၁၅:၀၀)နာရီအချိန်တွင် ရပ်နားကြောင်းကြေညာပြီး အစည်းအဝေး(ဒုတိယနေ့) ကို စက်တာဘာလ (၃)ရက် နံနက်(၁၀)နာရီအချိန်တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

 

Leave a reply