Monday, November 23

ဒုတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကျင်းပ

0
29

ဒုတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကျင်းပ

တောင်ကြီး စက်တင်ဘာ – ၃

          ဒုတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို စက်တင်ဘာလ (၃)ရက်(ကြာသပတေးနေ့)၊ နံနက်(၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။

          အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

           အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၈)ဦးတို့ အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ်   အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ်လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို ပြည်နယ်လွှတ်တော် မှ အတည်ပြုကြောင်း ကြေညာပါသည်။

        ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းဝေးတက်ရောက်ခွင့်ရှိသူ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၁၃၉)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ( ၁၈ )ဦး ရှိပြီး အစည်းအဝေးသို့ (၁၂၁)ဦး တက်ရောက်သဖြင့် ( ၈၇.၀၅ )%  ရှိသောကြောင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် ဒုတိယနေ့ အစည်းအဝေးစတင် ကျင်းပကြောင်း ကြေညာပါသည်။

     ၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၁)ဦးက ကြယ်ပွင့်ပြ မေးခွန်း (၁၃)ခု မေးမြန်းရာတွင် သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီ က “သိန္နီမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဟိုဝိန်းကြာကန်အနီးတွင် ဆက်သွယ်ရေး တာဝါတိုင် ဆောက်လုပ်ထားခြင်း”နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေးကလည်းကောင်း၊ ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးညီညီ(ခ)ဦးညီလေးချမ်းက “ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်းအားလုံးအတွက် အထက်တန်းပြ ဆရာ/ဆရာမ(၄၃)ဦး လိုအပ်နေမှု”နှင့် “ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအုပ်စုရှိ မြို့ကြီးဆည်အား မည်သို့ပြုပြင်ထိန်းသိမ်း ကာကွယ်ပေးမည်”နှင့် စပ်လျဉ်းသည့် မေးခွန်းများမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်တို့ကလည်းကောင်း၊ ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက “ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်ကျေးရွာအုပ်စုရှိ ဝမ်ဆောင်းလယ်ရေပေးမြောင်းအား ပြန်လည်တူးဖော် ပေးရန် အစီအစဉ်ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က လည်းကောင်း၊ လွိုင်လင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်က “  လွိုင်လင်မြို့နယ်ရှိ မိုင်းပွန်-ခဲလုံ-ကောင်းတန်ကျေးလက် ကျောက်ချောလမ်း အား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ”နှင့် “၂၀၂၀ပြည့်နှစ် စိုက်ပျိုးရာသီတွင် ရိတ်သိမ်းထွက်ရှိမည့် အစေ့ထုတ်ပြောင်းဈေးကောင်းရရှိရေးနှင့် တည်ငြိမ်ခိုင်မာ သော ဈေးကွက်ပေါ်ထွန်းရေးအတွက် မည်သို့စီမံဆောင်ရွက်ထားသည်”နှင့် စပ်လျဉ်းသည့် မေးခွန်းများမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးနှင့် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်(ခ)ဦးစိုးကြီးတို့က လည်းကောင်း၊ မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်က “မိုင်းကိုင်မြို့နယ်၊ ဟမ်းငိုင်းကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် အထက်တန်းပြ ဆရာ/ဆရာမ ခန့်ထားနိုင်ရေး”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက လည်းကောင်း၊ တပ်မတော်သားပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဗိုလ်ကြီးရဲနောင်ဇော်က “ရှမ်းပြည်နယ်အတွင်း လျော့နည်းလာသော မြေအောက် ရေချို အရင်းအမြစ်များအား ပြန်လည် ဖြည့်တင်းရန် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်ကလည်းကောင်း၊ ရွာငံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစဝ်အောင်မြတ်(ခ) ဦးအောင်မြတ်က “ရွာငံမြို့နယ်၊ မြင်းကျဒိုကျေးရွာအုပ်စု၊ ရေလှကျေးရွာနှင့် ရနဲကျေးရွာအုပ်စု၊ မင်းပလောင်ကျေးရွာချင်းဆက်လမ်းအား ဖောက်လုပ်ပေးရန်နှင့် အရှည်(၈၀)ပေ တံတား(၁)စင်းအား တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးကလည်းကောင်း၊ အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ဆက်စပ်မေးခွန်းမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်ကလည်းကောင်း၊ နမ့်ဆန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ထွဏ်းက “ ပြည်ထောင်စု(Budget)ဖြင့် ဆောင်ရွက်သော လုပ်ငန်းများအား ကြီးကြပ်၊ ထိန်းကျောင်းမှု”နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးကလည်းကောင်း၊ မိုင်းပျဉ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ဦးစိုင်းလှဝင်းက “ ရှမ်းပြည်နယ်တွင် Covid-19 ရောဂါဖြစ်ပွားနေသည့်ကာလ အတွင်း ပြည်သူလူထုများထံသို့ ထောက်ပံ့ပစ္စည်းများလှူဒါန်းရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စည်းမျဉ်းစည်းကမ်းများနှင့် အညီတိကျစွာ လိုက်နာနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းကလည်းကောင်း၊ နမ္မတူမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ်က  “ ရှမ်းပြည်နယ် အခြေခံပညာကျောင်းများ ဘေးကင်းစိတ်ချရသော အစားအသောက်ဥပဒေ၏ နည်းဥပဒေ အမြန်ဆုံးရေးဆွဲပေးရန် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက လည်းကောင်း၊ တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးလှို င်းထွန်းအောင်က “ကျိုင်းတုံမြို့နယ်အတွင်းရှိ ပြည်သူများအတွက် ကျေးရွာသုံးထင်းစိုက်ခင်းများကို ဘဏ္ဍာရေးနှစ် အလိုက် မည်သို့အကောင်အထည်ဖော်ဆောင်ရွက်ပေးမည်”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က လည်းကောင်း အသီးသီးပြန်လည်ဖြေကြားကြသည်။

     ထို့နောက် နမ္မတူမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ်က တင်သွင်းသည့် “ရှမ်းပြည်နယ်အတွင်း စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကို ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ လက်ရှိထက်ပိုမိုကောင်းမွန်သောစနစ်ဖြင့် ရေတိုရေရှည်စီမံချက်များ ချမှတ်ကာ အလေးထား ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း” အဆိုကို မိုင်းပန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းနောင့်က ထောက်ခံဆွေးနွေးပြီး ပြည်နယ်စည်ပင် သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက ပြန်လည်ဆွေးနွေးရှင်းလင်းကာ အဆိုကိုလွှတ်တော်၏ သဘောတူညီချက်ဖြင့်အတည်ပြုကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

     ၎င်းနောက် မိုင်းပန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းနောင့်က တင်သွင်းသည့်“ရှမ်းပြည်နယ်ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေးဝန်ဆောင်မှုများကို ပြည်သူများ အဆင်ပြေစွာရရှိနိုင်ရန် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်နိုင်မှု မြှင့်တင်ခြင်း” အဆိုကို နမ္မတူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ်နှင့် ပင်လောင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ဦးခွန်စောအောင်တို့က ထောက်ခံဆွေးနွေးပြီး ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အဆိုကို ပြန်လည်ဆွေးနွေး ရှင်းလင်းကာ လွှတ်တော်၏ သဘောတူညီချက်ဖြင့်အတည်ပြုကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

     ၎င်းနောက် ပင်လောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်စောအောင်က “ရှမ်းပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူးရေးကဏ္ဍတွင် ဈေးကွက်နှင့် ထုတ်ကုန်တိုးတက်ရေး ခိုင်မာသောဈေးကွက်ဖော်ဆောင်ရေး ရှမ်းပြည်နယ်အစိုးရအား တိုက်တွန်းကြောင်း” အဆိုတင်သွင်းရာ မိုင်းပန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ဦးစိုင်းနောင့်က ထောက်ခံဆွေးနွေးပြီး ၎င်းအဆိုကို လက်ခံဆွေးနွေးရန် သင့်/ မသင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုကို (၄.၉.၂၀၂၀) ရက်နေ့တွင် ဆွေးနွေးမည် ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များရှိပါက ယနေ့ညနေ (၅)နာရီ နောက်ဆုံးထား၍ ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာပါသည်။

     ထို့နောက် သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက “ရှမ်းပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်နှစ်အလိုက် ကျောင်းစာကြည့်တိုက်များကို စဉ်ဆက်မပြတ်ဖွင့်လှစ်နိုင်ရေး စီမံချက်ရေးဆွဲပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း” အဆိုတင်သွင်းရာ မိုင်းရှူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ဦးစိုင်းလင်းမြတ်က ထောက်ခံဆွေးနွေးပြီး ၎င်းအဆိုကို လက်ခံဆွေးနွေးရန် သင့်/ မသင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုကို (၄.၉.၂၀၂၀) ရက်နေ့တွင် ဆွေးနွေးမည် ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များရှိပါက ယနေ့ညနေ (၅)နာရီ နောက်ဆုံးထား၍ ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာပါသည်။

     ၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းခဲ့သော ရှမ်းပြည်နယ်မြေယာခွန် ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ အဖွဲ့ဝင် လွိုင်လင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်က ကော်မတီ၏ စိစစ်သုံးသပ်တင်ပြသည့် အကြံပြုချက်အစီရင်ခံစာကို ဖတ်ကြားတင်ပြပြီး ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ပြန်လည်ဆွေးနွေးရှင်းလင်း၍ အတည်ပြုပေး နိုင်ပါရန် လွှတ်တော်အဆုံးအဖြတ်ရယူရာ လွှတ်တော်ကသဘောတူသဖြင့် ရှမ်းပြည်နယ်လွှတ်တော် က ဆုံးဖြတ်ထားသည့်အတိုင်း အတည်ပြုကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

      ဆက်လက်၍ ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံးမှ  တင်ပြသည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်ပြပြီးနောက် ပြည်နယ်လွှတ်တော် က မှတ်တမ်းတင်ကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ကြေညာပါသည်။

      ထို့နောက် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (ဒုတိယနေ့) (၁၄:၅၅)နာရီအချိန်တွင် ရပ်နားကြောင်းကြေညာပြီး အစည်းအဝေး(တတိယနေ့) ကို စက်တင်ဘာလ (၄)ရက် နံနက်(၁၀)နာရီအချိန်တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

 

Leave a reply