Thursday, September 24

ဒုတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့) ကျင်းပ

0
13

ဒုတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့) ကျင်းပ

တောင်ကြီး စက်တင်ဘာ – ၄

          ဒုတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့) ကို စက်တင်ဘာလ (၄)ရက်(ကြာသပတေးနေ့)၊ နံနက်(၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။

          အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

           အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၆)ဦးတို့ အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ်   အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ်လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို ပြည်နယ်လွှတ်တော် မှ အတည်ပြုကြောင်း ကြေညာပါသည်။

     အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသည့် ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီး (၂)ဦးဖြစ်သည့် ဒေါ်စန္ဒာအောင်နှင့် ဦးအောင်သိန်းတို့က ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးပါသည်။

        ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းဝေးတက်ရောက်ခွင့်ရှိသူ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၁၃၉)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ( ၁၆ )ဦး ရှိပြီး အစည်းအဝေးသို့ (၁၂၃)ဦး တက်ရောက်သဖြင့် ( ၈၈.၄၉ )%  ရှိသောကြောင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် တတိယနေ့ အစည်းအဝေးစတင် ကျင်းပကြောင်း ကြေညာပါသည်။

     ၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၀)ဦးက ကြယ်ပွင့်ပြ မေးခွန်း (၁၂)ခု မေးမြန်းရာ ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က “၂၀၁၃ခုနှစ်၊ ရှမ်းပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၅၇ အရ ရှမ်းပြည်နယ်လွှတ်တော်က အတည်ပြုပြဋ္ဌာန်းပြီး ဥပဒေများနှင့် ပတ်သက်၍ အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များ”နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ရှမ်းပြည်နယ်ဥပဒေချုပ် ဦးတင်ဦး ကလည်းကောင်း၊ မောက်မယ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဖွေးဟွမ်ဦးက “မောက်မယ်မြို့နယ်အတွင်း၌ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ”နှင့် “မောက်မယ်မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း၌ အစိုးရဌာနဆိုင်ရာရုံးများအတွက် လျာထားသော မြေနေရာများ၊ စိုက်ခင်းများ၊ ဝန်ထမ်းအိမ်ရာများ”နှင့်စပ်လျဉ်းသည့် မေးခွန်းများမေးမြန်းရာ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်(ခ)ဦးစိုးကြီးနှင့် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်တို့ကလည်းကောင်း၊ ကွန်ဟိန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအောင်ကျော်ဦးက “ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အတည်ပြုခဲ့သည့် သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှု(EIA)နှင့် လူမှုအကျိုးသက်ရောက်မှု(SIA)နှင့် ပတ်သက်သည့် အဆိုနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်မှု” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကလည်းကောင်း၊ လွိုင်လင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမြထွေးက “  လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ဆဟောင်းကျေးရွာ အုပ်စုအတွင်း အလျား(၃၆)ပေ၊ အမြင့်(၁၀)ပေရှိ နောင်တောင်-ဟွေဆန်းတံတားအား ဆောင်ရွက်ပေး ရန် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းများမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး ကလည်းကောင်း၊ တပ်မတော်သားပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဗိုလ်ကြီးဝင်းမင်းထွေးက “ ရှမ်းပြည်နယ်အတွင်းလေအားမှ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ရရှိနိုင်ရန်အတွက် စီမံကိန်းများချမှတ်ပြီး စမ်းသပ်အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လျှပ်စစ် စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက လည်းကောင်း၊ ကလောမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်က “ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အာလူး စိုက်ပျိုးသော တောင်သူများ၏အကျိုးစီးပွား ကာကွယ်နိုင်ရေး စီမံဆောင်ရွက်နေမှု”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်(ခ)ဦးစိုးကြီးက လည်းကောင်း၊ နမ္မတူမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ်က “ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် အများပြည်သူနှင့် သက်ဆိုင်သော ဥပဒေများအား အကောင်အထည်ဖော် ဆောင်ရွက်ရမည့် သက်ဆိုင်ရာဌာန အဆင့်ဆင့်သို့ ဖြန့်ဝေပေးရန် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ရှမ်းပြည်နယ်ဥပဒေချုပ် ဦးတင်ဦးကလည်းကောင်း၊ လွိုင်လင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်က “တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ ပြဋ္ဌာန်းချက်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့မှု အခြေအနေ”နှင့် “လက်ရှိအစိုးရ၏ သက်တမ်းကာလတွင် ရှမ်းပြည်နယ်အတွင်းရှိ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့မှုများ”နှင့် စပ်လျဉ်းသည့် မေးခွန်းများမေးမြန်းရာ  အင်းသားတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်နှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးတို့ကလည်းကောင်း၊ တပ်မတော်သားပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဗိုလ်ကြီးထင်ကျော်က “ အင်းလေးကန်ဧရိယာ ကျဉ်းမြောင်းလာမှုအပေါ် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မည်ကဲ့သို့ စီမံဆောင်ရွက်ပေးမည်”နှင့်စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က လည်းကောင်း၊ မိုင်းပျဉ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှဝင်းက “Covid-19 ‌ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ရှမ်းပြည်နယ်အတွင်းရှိ စာသင်တိုက်များနှင့် ကျောင်းတိုက်များသို့ ပစ္စည်း(၄)ပါး ဆက်ကပ်လှူဒါန်းခြင်း”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးကလည်းကောင်း အသီးသီး ပြန်လည်ဖြေကြားကြသည်။

     ၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းခဲ့သော ၂၀၂၀-၂၀၂၁၊ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်မှ ဆွေးနွေးမည့် ကိုယ်စားလှယ်မရှိသည့်အတွက် ရှမ်းပြည်နယ်လွှတ်တော် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ တာချီလိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်တင့်က စိစစ်သုံးသပ်တင်ပြ၍ ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေး ဆိုင်ရာကော်မတီအဖွဲ့ဝင် ဖယ်ခုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေရီနျို့က ကော်မတီ၏ စိစစ်သုံးသပ်တင်ပြသည့် အကြံပြုချက်အစီရင်ခံစာကို ဖတ်ကြား တင်ပြ၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်(ခ) ဦးစိုးကြီးက ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး အတည်ပြုပေးနိုင်ပါရန် လွှတ်တော်အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် ရှမ်းပြည်နယ်လွှတ်တော်က ဆုံးဖြတ်ထားသည့်အတိုင်း အတည်ပြု ကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ကြေညာပါသည်။

     ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းခဲ့သော ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်မှ ဆွေးနွေးမည့် ကိုယ်စားလှယ်မရှိသည့်အတွက် ရှမ်းပြည်နယ်လွှတ်တော် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်ရေးကော်မတီ အတွင်းရေးမှူး သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးက စိစစ်သုံးသပ်တင်ပြ၍ ရှမ်းပြည်နယ် လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ရွာငံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစဝ်အောင်မြတ်(ခ)ဦးအောင်မြတ်က ကော်မတီ၏ စိစစ်သုံးသပ်တင်ပြ သည့် အကြံပြုချက်အစီရင်ခံစာကို ဖတ်ကြားတင်ပြပြီး ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်(ခ)ဦးစိုးကြီးက ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး အတည်ပြုပေးနိုင်ပါရန် လွှတ်တော်အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် ရှမ်းပြည်နယ်လွှတ်တော်က ဆုံးဖြတ်ထားသည့်အတိုင်း အတည်ပြုကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ကြေညာပါသည်။

     ၎င်းနောက် ပင်လောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်စောအောင်က တင်သွင်းသည့် “ရှမ်းပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင် ဈေးကွက်နှင့် ထုတ်ကုန်တိုးတက်ရေး ခိုင်မာသောဈေးကွက်ဖော်ဆောင်ရေး ရှမ်းပြည်နယ်အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို မိုင်းပန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းနောင့်နှင့် ရွာငံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးမင်းစိုးတို့က ထောက်ခံဆွေးနွေးပြီး ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ပြန်လည်ဆွေးနွေးရှင်းလင်းကာ အဆိုကိုလွှတ်တော်၏ သဘောတူညီချက်ဖြင့်အတည်ပြုကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

     ဆက်လက်ပြီး သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက တင်သွင်းသည့် “ရှမ်းပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်နှစ်အလိုက် ကျောင်းစာကြည့်တိုက်များကို စဉ်ဆက်မပြတ်ဖွင့်လှစ်နိုင်ရေး စီမံချက် ရေးဆွဲပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း” အဆိုကို တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးသက်ဦးစံနှင့် မိုင်းခတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝန်းဆမ်က ထောက်ခံဆွေးနွေးပြီး ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြန်လည်ဆွေးနွေးရှင်းလင်းကာ အဆိုကိုလွှတ်တော် ၏ သဘောတူညီချက်ဖြင့်အတည်ပြုကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။

     ထို့နောက်  ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၂၀) ကြိမ်မြောက်ပုံမှန် အစည်းအဝေးဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများ အား ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေး(တတိယနေ့)အား ညနေ(၁၆:၀၀)နာရီအချိန်တွင် ပြီးစီးခဲ့ပြီး ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

Leave a reply